close

ပီအက်စ်ဂျီက အမ်ဘာပေကို စာချုပ်သက်တမ်းတိုးမြှင့်မှုအပေါ် စပိန်လာလီဂါက ကန့်ကွက်လွှာပို့

ပြင်သစ်ကလပ်ပီအက်စ်ဂျီအသင်းက တိုက်စစ်မှူး အမ်ဘာပေကို မက်မောလောက်စရာငွေကြေးနဲ့ စာချုပ်သက်တမ်းတိုးမြှင့်ခဲ့မှုအပေါ် စပိန်လာလီဂါအဖွဲ့ချုပ်က ကန့်ကွက်စာပို့ခဲ့ပါတယ်။ 

အသက် ၂၃ နှစ်ရှိ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေဟာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်ပေမယ့် အသင်းဘက်က လက်မှတ်ထိုးကြေးအနေနဲ့ ယူရိုသန်း ၁၅၀ အထိပေးပြီး ၃ နှစ်စာချုပ်ချုပ်ဆိုခဲ့တာပါ။ 

အမ်ဘာပေဟာ အသင်းကနေထွက်ခွာမယ်လို့ သတင်းကြီးခဲ့ပြီး စပိန်ကလပ် ရီးရဲလ်မက်ဒရစ်က ခေါ်ယူဖို့ ရေပန်းစားခဲ့တာပါ။ အဆုံးသတ်မှာတော့ ပီအက်စ်ဂျီအသင်းရဲ့ များပြားလှတဲ့လုပ်ခနဲ့ ခံစားခွင့်တွေကို လက်ခံခဲ့ပြီး အသင်းမှာဆက်နေဖို့ ဆုံးဖြတ်ခဲ့တာပါ။ 

အဲဒီအပေါ်မှာ စပိန်လာလီဂါအဖွဲ့ချုပ်က ကန့်ကွက်လွှာပို့ခဲ့တာဖြစ်ပြီး အမ်ဘာပေနဲ့ သဘောတူညီမှုစာချုပ်ဟာ ဥရောပဘောလုံးလောကရဲ့ စီးပွားရေးကို ခြိမ်းခြောက်နေတယ်လို့ ကန့်ကွက်လွှာမှာပါရှိပါတယ်။ 

အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှုရရှိထားတယ်လို့ သတင်းထွက်ခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီက ငွေကြေး မက်လုံးပေးပြီး သက်တမ်းတိုးခဲ့တဲ့အပေါ်မှာ စပိန်လာလီဂါက ပီအက်စ်ဂျီအသင်းကို အရေးယူဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

//
Up