တက္ကဆက်စာသင်ကျောင်း ပစ်ခတ်မှုအပြီး လက်နက်ပိုမိုထိန်းချုပ်ရန် ပုပ်ရဟန်းမင်းကြီး တောင်းဆို

တက္ကဆက်ပြည်နယ်ရှိ စာသင်ကျောင်းတခုမှာ ကလေးငယ် ၁၉ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ ပစ်ခတ်မှုကြောင့် စိတ်နှလုံးကြေကွဲခဲ့ရကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောကြားခဲ့ပြီး လက်နက်တွေကို ပိုမိုထိန်းချုပ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး ကျောင်းပစ်ခတ်မှုအပြီး တရက်အကြာ မေ ၂၅ ရက်မှာ ပုပ်ရဟန်းမင်းကြီးက သူ့ကို အပတ်စဉ်လာရောက် ဂါရဝပြုတဲ့ စိန့်ပီတာရင်ပြင်ရှိ လူထုပရိတ်သတ်တွေကို မိန့်ကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က "တက္ကဆက်ပြည်နယ် မူလတန်းကျောင်းမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုကြောင့် ကျနော် စိတ်ကြေကွဲခဲ့ပါတယ်။ သေဆုံးခဲ့ရတဲ့ ကလေးတွေ၊ လူကြီးတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် ဆုတောင်းပေးပါတယ်"လို့ တက္ကဆက်ပြည်နယ် ယူဗဲဒီမြို့က ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။
"သေချာစိစစ်ခြင်းမရှိဘဲ လက်နက်မှောင်ခိုရောင်းဝယ်မှု လုပ်နေတာတွေ တော်လောက်ပါပြီလို့ ပြောရတော့မယ့် အချိန်ပါ။ ဒီလိုအဖြစ်ဆိုးတွေ ထပ်မဖြစ်ရအောင် ကျနော်တို့အားလုံး ကတိကဝတ်ပြုကြစို့" လို့လည်း မိန့်ကြားပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ လက်နက်အရောင်းအဝယ်ကို တစိုက်မတ်မတ် ဝေဖန်ခဲ့တာပါ။ လက်နက်ထုတ်လုပ်သူတွေ ဒါမှမဟုတ် လက်နက်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံသူတွေဟာ သူတို့ကိုယ်ကို ခရစ်ယာန်လို့ ခေါ်ဆိုနေရင် လူကောင်းယောင်ဆောင်သူ ကြောင်သူတော်တွေပဲလို့ ၂၀၁၅ ခုနှစ်တုန်းက ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ပစ်ခတ်မှုအပြီး နာရီပိုင်းအတွင်းမှာပဲ အိမ်ဖြူတော်မှ မိန့်ခွန်းပြောရာမှာ သိသိသာသာ ထိတ်လန့်တုန်လှုပ်သွားတဲ့ နိုင်ငံရေးအင်အားကြီးမားတဲ့ သေနတ်ကိုင်ဆောင်လိုသူအုပ်စုကို ဆန့်ကျင်ရပ်တည်ပေးကြဖို့ အမေရိကန်တွေကို တိုက်တွန်းလိုက်ပါတယ်။
အဲဒီအုပ်စုဟာ အန္တရာယ်ပိုရှိတဲ့၊ ပိုအားပြင်းတဲ့ သေနတ်တွေရဲ့ အန္တရာယ်ကင်းရှင်းရေး ဥပဒေတွေ ပြဋ္ဌာန်းခြင်းကို တားမြစ်ပိတ်ပင်နေတာကြောင့် သမ္မတဘိုင်ဒင်က အပြစ်တင်ထားတာပါ။