close

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ရာထူးမှနုတ်ထွက်ရန် အတိုက်အခံများ တောင်းဆို

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ ကိုဗစ်-၁၉ ကပ်ရောဂါကာလ တရားမဝင် ပါတီပွဲတွေ ဆက်တိုက်ဆိုသလို တက်ရောက်ခဲ့ကြောင်း အသေးစိတ်တင်ပြထားတဲ့ တရားဝင် အစီရင်ခံစာတခု ထွက်လာအပြီး သူ့ကို ရာထူးနုတ်ထွက်ဖို့ အတိုက်အခံ နိုင်ငံရေးသမားတွေက မေ ၂၅ ရက်မှာ ထပ်မံတောင်းခဲ့ကြပါတယ်။

"ကပ်ရောဂါကြီးဖြစ်နေတဲ့ ကာလထဲမှာ ဝန်ကြီးချုပ်က ပါတီပွဲကျင်းပနေတဲ့ ပုံတွေကို မြင်ရတဲ့အခါကျတော့ သူက အခြေခံလူတန်းစားတွေအပေါ် မထီမဲ့မြင်လုပ်တာလား၊ သူ့လို အခွင့်ထူးခံပြီး ညစ်ပတ်နေတဲ့သူရဲ့လက်မှာ စွန်းနေတဲ့ သွေးတွေနဲ့ ညဘက် ဘယ်လိုများ အိပ်ပျော်သလဲ" လို့ လေဘာပါတီအမတ် အန်ဒီ မက်ဒေါ်နယ်လ်က မေးမြန်းခဲ့တာပါ။

စီနီယာ အကြီးတန်းအရာရှိ ဆူးဂရေးရဲ့ အစီရင်ခံစာမှာ ဂျွန်ဆင်ကို အထူးအပြစ်တင်ထားတာ မရှိပေမဲ့လည်း သူတက်ရောက်ခဲ့တဲ့ လူစုလူဝေးပွဲပေါင်း တဒါဇင်ကျော်ရဲ့ ဂရပ်ဖစ် အသေးစိတ် အချက်အလက်တွေနဲ့ ဓာတ်ပုံတွေကို တင်ပြထားပါတယ်။

ဒီအစီရင်ခံစာမှာ ဝန်ကြီးချုပ်လုပ်ထားတဲ့ စည်းကမ်းတွေကို သူရော တခြား အစိုးရအရာရှိတွေရော ဖောက်ဖျက်ကြပြီး အမှတ် ၁၀ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်နေအိမ်နဲ့ တခြား အစိုးရအဆောက်အဦတွေမှာ ပါတီပွဲတွေ လုပ်ခဲ့ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

ဂရေးက သူ့အနေနဲ့ လူစုလူဝေးပါတီကို ကြိုမသိကြောင်း ပြောပေမဲ့လည်း ၂၀၂၀ ခုနှစ် ဇွန် ၁၉ ရက်က ကျင်းပခဲ့တဲ့ ဝန်ကြီးချုပ် ဂျွန်ဆင်ရဲ့ ၅၆ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် ပါတီပွဲမှာ တက်ရောက်ခဲ့သူတွေကို ဒဏ်ရိုက်ခံရတဲ့အထဲ ဂရေးလည်း ပါဝင်ခဲ့ပါတယ်။

အဲဒီအချိန်က တဖက်စောင်းနင်း ကန့်သတ်ချက်တွေဟာ ပြည်သူတွေအတွက် သူတို့အိမ် ပြင်ပတွေမှာတောင် ပေါင်းသင်းဆက်ဆံလို့ မရတာမျိုး၊ ကိစ္စပေါင်းများစွာထဲမှာ ကိုယ်ချစ်ခင်ရသူတွေအတွက် အသုဘအခမ်းအနားတွေကိုတောင် မတက်ရောက်နိုင်တာမျိုးတွေ ရှိခဲ့ရပါတယ်။

//
Up