ရှန်ဟိုင်းတွင် ကိုဗစ်လော့ဒေါင်း ပြန်ဖွင့်

တရုတ်ပြည်ရဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးမြို့ကြီးဖြစ်တဲ့ ရှန်ဟိုင်းမြို့ရဲ့ မြို့နယ်တချို့မှာ ကိုဗစ်-၁၉ လော့ဒေါင်းစည်းကမ်းတွေ ပြန်ဖွင့်ပေးလိုက်ပြီဖြစ်လို့ မေ ၂၆ ရက်က စူပါမားကက်တွေမှာ ဈေးဝယ်သူတွေနဲ့ စည်ကားနေပါတယ်။
လူဦးရေ ၂၅ သန်းရှိတဲ့ ရှန်ဟိုင်းတမြို့လုံးမှာ ကိုဗစ်လော့ဒေါင်း စည်းကမ်းတွေကို ဇွန် ၁ ရက်ကစလို့ တရားဝင်ရုပ်သိမ်းဖို့ ရှိပါတယ်။
ဒါပေမဲ့ ဈေးဆိုင်အများစု၊ စားသောက်ဆိုင်တွေ၊ စီးပွားရေးလုပ်ငန်းတွေ ဆက်ပိတ်ထားပြီး အိမ်ကနေ အလုပ်လုပ်တဲ့စနစ်ကို ဆက်လက်ကျင့်သုံးနေပါတယ်။
နှစ်လကြာအောင် အိမ်ထဲကနေ အိမ်အပြင်မထွက်ခဲ့ရတဲ့ အသက် ၂၅ နှစ်အရွယ် ဘီဝိုင်ဆိုတဲ့ အမျိုးသမီးလည်း သူငယ်ချင်းတွေနဲ့အတူ ကော်ဖီဆိုင် ထွက်လာပါတယ်။
“ဒီလမ်းထဲမှာ ပိတ်ထားတဲ့ဆိုင်တွေ အများကြီးရှိတယ်ဆိုပေမဲ့ ဒီလောက်လေးကလည်း စည်းစိမ်တမျိုးပါပဲနော်” လို့ သူက ပြောသွားတာပါ။
ရှန်ဟိုင်းမှာ မေ ၂၅ ရက်က ကိုဗစ်လူနာသစ် ၃၃၈ ယောက် ထပ်မံကူးစက်ခဲ့ပေမဲ့ ဒီကိန်းဂဏန်းဟာ မတ်လဆန်းနောက်ပိုင်း အနည်းဆုံးဖြစ်ပြီး ရောဂါကူးစက်မှု အမြင့်ဆုံးဖြစ်ခဲ့တဲ့ ဧပြီလနဲ့ နှိုင်းယှဉ်ရင် မပြောပလောက်တဲ့ အရေအတွက် ဖြစ်ပါတယ်။