close

ကနေဒါနိုင်ငံ စာသင်ကျောင်းတခုအနီး သေနတ်သမားနှင့်ရဲတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်

ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှာ မေ ၂၆ ရက် နေ့လယ်ပိုင်းက စာသင်ကျောင်းနားမှာ သေနတ်သမားတယောက်နဲ့ ရဲအဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး သေနတ်သမား သေဆုံးသွားပါတယ်။

ဒီအဖြစ်အပျက်ကြောင့် အနီးနားက စာသင်ကျောင်း ၅ ကျောင်းကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ နာရီအတန်ကြာအေင် ပိတ်ထားလိုက်တယ်လို့ မြို့တော် တာဝန်ရှိသူတွေက ပြောပါတယ်။

မူလတန်းကျောင်းအနီး လမ်းမပေါ်မှာ သံသယဖြစ်ဖွယ်ရာ အမျိုးသားတယောက် သေနတ်တကားကားနဲ့ သွားလာနေတာကို အကြောင်းကြားလာတာကြောင့် ရဲအဖွဲ့က သွားရောက်တဲ့အချိန်မှာ သေနတ်သမားဘက်က စတင်ပစ်ခတ်ခဲ့တယ်လို့ တိုရွန်တို ရဲတပ်ဖွဲ့ရဲ့ ရဲမှူးကြီး ဂျိမ်း ရမ်မားက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အသေးစိတ်အချက်အလက်တွေကို ဆက်လက် စုံစမ်းနေဆဲဖြစ်ပြီး ထုတ်မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

အခင်းဖြစ်တဲ့နေရာဟာ ကိုဗစ်ကြောင့် ပိတ်ထားရပြီး မကြာခင်ကပဲပြန်ဖွင့်တဲ့ ဝီလီယံ ဒေးဗစ် မူလတန်းကျောင်းအနီးနားမှာ ဖြစ်ပါတယ်။

စစ်ဆေးမှုတွေ လုပ်နေတဲ့အချိန်မှာ အခင်းဖြစ်သွားတဲ့ လမ်းမကို ပိတ်ထားခဲ့တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။

ရဲမှူးကြီး ရမ်းမားက “အမေရိကားမှာ ဒီလိုဖြစ်ထားတာ ပူပူနွေးနွေးဆိုတော့ အခု အဖြစ်အပျက်ကြောင့် ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေ၊ ကျောင်းဝန်ထမ်းတွေ ဘယ်လောက် စိတ်အနာတရ ဖြစ်သွားမလဲဆိုတာကို နားလည်ပါတယ်” လို့ ပြောသွားပါတယ်။

ဒါပေမဲ့ အခြေအနေကို စုံစမ်းဆဲဖြစ်ပြီး အမေရိကားမှာဖြစ်တဲ့ အဖြစ်အပျက်မျိုးပဲလို့ မပြောချင်ဘူးလို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာ မေ ၂၄ ရက်က ဖြစ်သွားတဲ့ ပစ်ခတ်မှုဟာ ဒီနှစ်အတွင်း လူအများကို သေစေတဲ့ ပစ်ခတ်မှု ၂၀၀ ကျော်ထဲက တခုဖြစ်ပါတယ်။

ကနေဒါကတော့ အမေရိကန်ပြည်ထောင်စုနဲ့ နှိုင်းယှဉ်ရင် သေနတ်ကြောင့် လူသေဆုံးမှု နည်းတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။

//
Up