close

တက္ကဆက် မူလတန်းကျောင်းအား ဝင်ပစ်သည့် သေနတ်သမားကို ဟန့်တားသူမရှိခဲ့ဟု တာဝန်ရှိသူများ ပြော

တက္ကဆက်ပြည်နယ်တောင်ပိုင်းက မူလတန်းကျောင်းမှာ ကလေး ၁၉ ယောက်၊ ကျောင်းဆရာမ ၂ ယောက်ကို သေနတ်နဲ့ ဝင်ပစ်သွားတဲ့ သေနတ်သမားကို လမ်းမှာ ဟန့်တားတဲ့သူ တယောက်မှ မရှိခဲ့ဘူးလို့ တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မေ ၂၄ ရက်နေ့ ဖြစ်ခဲ့တဲ့ ဒီဖြစ်စဉ်အတွင်း အစောပိုင်းသတင်းတွေမှာ သေနတ်သမားနဲ့ ရဲတယောက်တို့ ကျောင်းအပြင်ဘက်မှာ အရင်ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြခဲ့ကြပါတယ်။

တကယ့်ဖြစ်စဉ်မှာ သေနတ်နဲ့ဝင်ပစ်ခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် ဆယ်ဗာဒို ရာမို့စ်ဟာ မနက် ၁၁ နာရီ ၂၈ မိနစ်မှာ ပစ်ကက်ထရပ်ကားတစီးနဲ့ ရောက်လာပြီး ကျောင်းအပြင်ဘက်မှာ ကားကို ရပ်ထားခဲ့ပါတယ်။

အဲဒီနောက် လမ်းတဖက်က လမ်းသွားလမ်းလာ ၂ ယောက်ကို သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ပြီး တံခါးဖွင့်ထားတဲ့ ကျောင်းထဲကို အလွယ်တကူ ဝင်ရောက်ကာ ပစ်ခတ်ခဲ့တယ်လို့ တက္ကဆက်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဗစ်တာ အက်စ်ကာလုံက မေ ၂၆ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

သေနတ်ပစ်ပြီး လေးမိနစ်အကြာ ရဲတပ်ဖွဲ့က ရောက်လာချိန်မှာ သေနတ်သမားက ရဲတွေကို သေနတ်နဲ့ပစ်လို့ အကာအကွယ်ယူခဲ့ရတယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ ကလေးတွေ အများစုဟာ အသက် ၉ နှစ်နဲ့ ၁၀ နှစ်အရွယ်တွေ ဖြစ်ကြပါတယ်။

ဒီအဖြစ်အပျက်ဟာ အမေရိကန် ပြည်ထောင်စုမှာ ဆယ်စုနှစ်တခုအတွင်း လူသေဆုံးမှု အများဆုံး ကျောင်းတွင်း သေနတ်ပစ်ခတ်မှုလည်း ဖြစ်ပါတယ်။

//
Up