close

မန်ယူအသင်းကို ပိုမိုကူညီချင်ခဲ့သော်လည်း မစွမ်းဆောင်နိုင်ခဲ့ကြောင်း ကာဗာနီ ဖွင့်ဟ

အခုနှစ်ရာသီမှာ မန်ယူအသင်းကို ပိုပြီးကူညီချင်ခဲ့ပေမဲ့ မစွမ်းဆောင်နိုင်ခဲ့ကြောင်း အသင်းကနေ ထွက်ခွာသွားတဲ့ တိုက်စစ်မှူး ကာဗာနီက ပြောပါတယ်။ 

ဥရုဂွေးတိုက်စစ်မှူး ကာဗာနီဟာ မန်ယူအသင်းနဲ့ ပထမဆုံးရာသီမှာ ၁၇ ဂိုး အထိသွင်းပြီး ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီမှာ ၂ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ 

အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့တာကြောင့် ထွက်ခွာသွားတဲ့ ကာဗာနီဟာ ယူနိုက်တက်အသင်းကို နှုတ်ဆက် စကားပြောကြားရာမှာ ပိုပြီးကူညီချင်ခဲ့ကြောင်း ထည့်သွင်းပြောသွားတာပါ။ 

“ကျနော် စတင်ရောက်ရှိတဲ့အချိန်ကစပြီး ပရိသတ်တွေရဲ့အားပေးမှုတွေက လေးစားစရာကောင်းပါတယ်။ ကျနော့်အနေနဲ့လည်း အကောင်းဆုံးပေးဆပ်ကစားခဲ့တယ်။ ဒါတွေကြောင့် အသင်းကနေ ထွက်ခွာရပေမယ့် ပျော်ရွှင် စရာကောင်းတဲ့ အမှတ်တရာတွေကျန်ခဲ့တယ်။ ဒီရာသီမှာ ကျနော့်အနေနဲ့ပိုပြီး ပါဝင်ကူညီချင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီကလောက် မစွမ်းဆောင်နိုင်ခဲ့ပါဘူး” လို့ ကာဗာနီကပြောပါတယ်။ 

မန်ယူအသင်းမှာ ကာဗာနီအပါအဝင် ကွင်းလယ်လူ မာတစ်နဲ့ ဂိုးသမား လီးဂရန့် တို့ဟာလည်း စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တာကြောင့် အသင်းကနေ ထွက်ခွာသွားပါတယ်။ 

ဒါ့အပြင် ကွင်းလယ်လူ မာတာ၊ ပေါ့ဘာ နဲ့ လင်ဂတ်တို့ဟာလည်း မကြာခင်မှာ  အသင်းနဲ့ တရားဝင်လမ်းခွဲသွားဖို့ရှိနေပါတယ်။ 

//
Up