close

လာမယ့်နှစ် ဗိုလ်လုပွဲ ပြန်ရောက်မည်ဟု ယုံကြည်ကြောင်း လီဗာပူးနည်းပြ ကလော့ပ်ပြော

လာမယ့်နှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပြန်လည်တက်ရောက်နိုင်ဖို့ ယုံကြည်ကြောင်း လီဗာပူး နည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။ 

လီဗာပူးအသင်းဟာ ဒီကနေ့မနက်အစောပိုင်း ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းကို ခြေစွမ်းအရ အသာစီးရခဲ့ပေမယ့် အဆုံးသတ်မှာ တဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ 

ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တာက မဆိုးဘူးလို့ ဆိုနိုင်ပေမယ့် လိုချင်တဲ့အောင်မြင်မှုတော့ မဟုတ်ကြောင်း၊ လာမယ့်နှစ်ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲတက် ရောက်နိုင်မယ်လို့ ယုံကြည်ကြောင်း နည်းပြကလော့ပ်ကပြောပါတယ်။ 

“ဒီလို ဗိုလ်လုပွဲကို ပြန်လာနိုင်မယ်လို့ ခိုင်မာစွာယုံကြည်ထားတယ်။ ကစားသမားတွေက ပြိုင်ဆိုင်လိုစိတ်ပြင်းထန်ကြပြီး ထူးချွန်တဲ့  ကစားသမားတွေရှိတဲ့ အသင်းလည်းဖြစ်တယ်။ လာမယ့်နှစ်မှာလည်း ထူးချွန်တဲ့အသင်းတသင်းဖြစ်လာမှာပါ။ လာမယ့်နှစ်ဗိုလ်လုပွဲက ဘယ်နေရာမှာ ကျင်းပမှာလဲ၊ အစ္စတန်ဘူလ်မှာလား၊ ဟိုတယ်ကို ကြိုတင်ငှားထားရုံပါပဲ” လို့ နည်းပြကလော့ပ်က ပြောပါတယ်။ 

လာမယ့်နှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တူရကီနိုင်ငံ အစ္စတန်ဘူလ်မြိုမှာ ကျင်းပသွားမှာဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာ လီဗာပူးက အဲဒီကွင်းမှာပဲ ချန်ပီယံဆုဖလားရယူနိုင်ခဲ့ဖူးပါတယ်။ 

//
Up