ယူကရိန်းစစ်ပွဲ၌ နျူလက်နက် မသုံးဟု ဗြိတိန်ဆိုင်ရာ ရုရှားသံအမတ် ကတိပေး

ယူကရိန်းအပေါ် ဆင်နွှဲနေတဲ့စစ်ပွဲမှာ ရုရှားဟာ ဗျူဟာမြောက် နျူကလီးယား လက်နက်တွေ သုံးမယ်လို့ သူမယုံဘူးလို့ ဗြိတိန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက မေ ၂၉ ရက်မှာ ဘီဘီစီ သတင်းဌာနနဲ့ လူတွေ့ မေးမြန်းခန်းအတွင်း ပြောလိုက်ပါတယ်။
ရုရှားစစ်စည်းကမ်းအရ ဒီလက်နက်တွေကို ယူကရိန်းလို ပဋိပက္ခတွေမှာ မသုံးဘူးလို့လည်း သံအမတ်ကြီး အန်ဒရေ ကေလင်က ပြောပါတယ်။
“နည်းဗျူဟာဆိုင်ရာ နျူကလီးယားလက်နက် အသုံးပြုခြင်းဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ကျနော်တို့မှာ အလွန်တင်းကျပ်တဲ့ ပြဋ္ဌာန်းချက်တွေ ရှိတယ်။ အဓိကအားဖြင့် နိုင်ငံတော် အန္တရာယ်ကျရောက် နေချိန် မျိုးပေါ့ လက်ရှိစစ်ဆင်ရေးနဲ့ ဘာမှ မပတ်သက်ပါဘူး” လို့ သူက လန်ဒန်မှာလုပ်တဲ့ လူတွေ့ မေးမြန်းခန်းအတွင်း ပြောပါတယ်။
ရုရှားရဲ့ တရားဝင်စစ်ရေး ဖြန့်ကြက်မှု စည်းမျဉ်းတွေအရ ရုရှားနိုင်ငံဟာ သမားရိုးကျလက်နက် တွေကနေ ဖြစ်တည်မှုအန္တရာယ်နဲ့ ရင်ဆိုင်ရမှသာ နျူကလီးယားလက်နက်တွေ ဒါမှမဟုတ် အစုလိုက်အပြုံလိုက်ပျက် စီးစေတဲ့ တခြား လက်နက် အမျိုးအစားတွေကို သုံးနိုင်ပါတယ်။
ရုရှားနိုင်ငံရဲ့ ကြီးမားကျယ်ပြန့်တဲ့ နျူကလီးယားလက်နက်တိုက်ကို သုံးဖို့ ဆုံးဖြတ်ချက်ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ လက်အောက်မှာ ရှိနေပါသေးတယ်။
ဘူချာမြို့ထဲမှာ ရုရှားစစ်တပ်က စစ်ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွဲချက်တွေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ သံအမတ်ကြီးက ဒါတွေဟာ ဆွေးနွေးညှိနှိုင်းရေးကို နှောင့်ယှက်ဟန့်တားဖို့ လုပ်ကြံဖန်တီးထားတဲ့ အရာတွေပါ လို့ တုံ့ပြန် ပြောပါတယ်။