close

ထိုင်းတွင် အခြေခံစားသုံးကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်

ထိုင်းနိုင်ငံမှာ ၂၀၂၂ ဇွန်လ ၁ ရက်ကစပြီး ဆန်၊ ဆီ၊ ငါးပိ၊ ငံပြာရည်၊ ခေါက်ဆွဲခြောက် အစရှိတဲ့ အခြေခံစားသုံးကုန်တွေရော မီးဖိုချောင်သုံး ဂက်စ်၊ ဆပ်ပြာ၊ အလှဆီ၊ ခေါင်းလျှော်ရည်၊ ပန်းကန်ဆေးရည် စတဲ့ လူသုံးကုန်ပစ္စည်းတွေပါ ဈေးတက်ကုန်ပါတယ်။

ထိုင်းစီးပွါးရေးသတင်းဌာနရဲ့ ကောက်နုတ်ဖော်ပြချက်မှာ ဇွန် ၁ ရက်ကစပြီး ဈေးတက်သွားတဲ့ ကုန်ပစ္စည်းအချို့မှာ  အထုတ်ငယ် ၆၀ ပါကော်ဖီမှုန့် တစ်ထုတ်မူလ ၁၈၅ ဘတ်မှ ၁၉၅ ဘတ်၊ ဆန်မှာ အမျိုးအစားကိုလိုက်ပြီး ၅ ကီလိုဂရမ်အလေးချိန်ပါ တစ်အိတ်လျှင် မူလဈေးနှုန်းထက် ၅ ဘတ်မှ ၁၀ ဘတ်နှုန်း၊  စားသုံးဆီများမှာလည်း အမျိုးအစားကိုလိုက်ပြီး မူလဈေးနှုန်းထက် တစ်ပုလင်းကို ၄ ဘတ်မှ ၇ ဘတ် နှုန်း၊ ဟင်းခတ်ကြက်သားမှုန့် အထုတ်ငယ် ၁ ထုတ် ၁ ဘတ်နှုန်း၊ ငါးသေတ္တာ ၁ ဘူးလျှင် မူလဈေးနှုန်းထက် ၄ ဘတ် ၊ ပဲနို့ရည် ၁ ဘူးလျှင် မူလဈေးနှုန်းထက် ၃ ဘတ်စီ ၊ ဝက်သားနီ မူလ ၁ ကီလို ၂၅၀ ဘတ်မှ ၃၀၀ ဘတ်၊ ၁၅ ကီလိုဂရမ်အလေးချိန်ရှိ မီးဖိုချောင်သုံး ဂက်စ်အိုး ၁ ကြိမ်ဖြည့် ၃၁၈ ဘတ်မှ ၃၆၃ ဘတ် စသဖြင့် ဈေးတက်ကုန်ပါတယ်။ 

လူသုံးကုန်တွေမှာ တစ်ထုပ်လျှင် ၆ လိပ်ပါ တစ်သျှူးစက္ကူ မူလ ၆၉ ဘတ်မှ ၇၂ ဘတ် ၊ ပန်းကန်ဆေးရည် တထုပ်လျှင် မူလ ၃၈ ဘတ်မှ ၄၀ ဘတ် ၊ ရေချိုးဆပ်ပြာ ၁ တုံးလျှင် မူလဈေးထက် ၂ ဘတ်မှ ၃ ဘတ် ၊ ၄ ဘူးပါ သစ်သီးဖျော်ရည် ၁ ကတ်လျှင် ၃၆ ဘတ်မှ ၄၂ ဘတ်ထိ တက်သွားပါတယ်။

ဒါဟာ နမူနာအချို့သာ ဖော်ပြထားခြင်းဖြစ်ပြီး မာမားခေါက်ဆွဲခြောက်၊ ပက်ပ်စီကိုလာ ၊ ဆဲဗင်းအပ် အစရှိတဲ့ စားသောက်ကုန်လည်း ဈေးတက်ပါတယ်။ အချိုရည်တချို့မှာ ဈေးနှုန်းမမြှင့်လိုတာကြောင့် တွက်ခြေလည်းကိုက်အောင် ဈေးမတက်ပေမယ့် ပမာဏကိုတော့လျှော့ချလိုက်ပါတယ်။

အခုလိုအစစ ကုန်ဈေးနှုန်းတက်ရတာဟာ ကုန်ကြမ်းဈေးနဲ့ သယ်ယူပို့ဆောင်ခ စရိတ်ကြီးမြင့်လာတာကြောင့်လို့  ဆိုပါတယ်။

ဒီမတိုင်ခင်က ထိုင်းကုန်သွယ်စီးပွါးဝန်ကြီးဌာနလက်အောက်ခံ ပြည်တွင်းကူးသန်းရောင်းဝယ်ရေး ဌာနက ပြည်သူတွေမရှိမဖြစ်အသုံးလိုတဲ့ ကုန်ပစ္စည်း ၁၈ မျိုးကို ဈေးတင်ပြီးမရောင်းချဖို့ မေတ္တာရပ်ခံထားပြီး ကုန်ဈေးနှုန်းမြှင့်ရင် ဒဏ်တပ်မယ်လို့လည်း သတိပေးခဲ့ပါတယ်။ 

ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုတွေ များလာတာကြောင့် ကုန်ဈေးနှုန်းကိုလည်း မတတ်သာဘဲ တက်ရတာလို့ ကုန်ထုတ်သူတွေက ပြောပါတယ်။

စက်သုံးဆီဈေးနှုန်းမှာ မေလ ၁ ရက်နေ့ကစ တကြိမ်လျှင် ၈၀ ပြားနှုန်းနဲ့ တရိပ်ရိပ်တက်လာတာ ဇွန် ၁ ရက်အထိ အမျိုးအစားအလိုက် ၁ လီတာလျှင် ၅ ဘတ်မှ ၆ ဘတ်ထိ တက်လာပြီး ဒီဇယ်လ် သာလျှင် ၁ ဘတ်ပဲ တက်လာတာလို့ ဆိုပါတယ်။

အခုလိုကုန်ဈေးနှုန်းတက်နေတဲ့အပေါ် ချင်းမိုင်ရောက် မြန်မာရွှေ့ပြောင်းလုပ်သား တစ်ဦး ကလည်း နဂိုကမှအဆင်မပြေတဲ့ထဲ ကုန်ဈေးနှုန်းတက်တော့ ပိုခက်ခဲတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ 

“ကျနော်ကတော့ ပန်းရန်လုပ်ပါတယ်၊ တနေ့ကို ၃၂၀ ဘတ်ရတယ်၊ ကလေးက ငယ်သေးတော့ မိန်းမ အလုပ်မလုပ်နိုင်သေးဘူး ၊ တယောက်တည်း ရှာကျွေးတာ၊ အလုပ်သမားကတ်လည်း လဲရဦးမယ်၊ ခက်တော့ ခက်ခဲတာပေါ့။”

နောက်အလုပ်သမား ၁ ဦးကတော့ “ဈေးတက်လည်းတက်ပေါ့ မတတ်နိုင်ဘူး။ မြန်မာပြည်မှာတုန်းကလို အလုပ်လက်မဲ့ဖြစ်ရတာနဲ့စာရင် ချွေတာစားလို့ရပါတယ်။ အလုပ်လည်း ကြိုးစားလုပ်ရတာပေါ့”လို့ ပြောပါတယ်။

//
Up