close

ကလေးမြို့နယ်တွင် လူငယ် ၂ ဦးကို CDF ဟု စွပ်စွဲပြီး စစ်ကောင်စီတပ် ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကျီကုန်းကျေးရွာ စစ်ဆေးရေးဂိတ်မှာ မေ ၃၀ ရက်က ခရီးသွား ပြည်သူ  ၂  ယောက်ကို စစ်ကောင်စီတပ်ဖွဲ့က CDF တပ်သားတွေလို့ စွပ်စွဲ ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံရသူတွေကတော့  ကိုလာကျုံးမွေးနဲ့ ကိုရွာလ်ဆန်ကျုံးတို့ဖြစ်ကြပြီး  CDF တပ်သားတွေ  ဖြစ်လို့ ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့် သတင်းမီဒီယာတွေမှာ ဇွန် ၁ ရက်နေ့က ရေးသားဖော်ပြပါတယ်။

ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတဦးက "ဖမ်းဆီးခံရသူတွေဟာ ဖလမ်းမြို့နယ် ဟာရှိန်နန်းကျေးရွာမှာ နေထိုင်သူတွေဖြစ်ပြီး စစ်ကောင်စီတပ်သားတွေက ဘယ်စစ်ဌာနချုပ်ကို ဖမ်းဆီးသွားတယ်ဆိုတာ မသိရသေးဘူး၊ အခုထိ အဆက်အသွယ် မရသေးဘူး" လို့ ပြောပါတယ်။

မေ ၂၁ ရက်ကလည်း ကလေးမြို့ တောင်ဖီလာရပ်ကွက်နေ  ကိုမြင့်သူဝင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက PDF ကို ထောက်ပံ့တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခဲ့ပါတယ်။

အလားတူ မေ ၁၆ ရက်ကလည်း ကလေးမြို့နယ် ကျီကုန်းကျေးရွာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ ကလေးမြို့က မိသားစု ပုံနှိပ်တိုက်လုပ်ငန်းပိုင်ရှင် ကိုမျိုးနိုင်လင်းဟာ ခရီးသွားရင်း ဖမ်းဆီးခံခဲ့ရပါတယ်။

ဧပြီ ၂၈ ရက်ကလည်း ကလေးမြို့ စံလှပုံနှိပ်တိုက်လုပ်ငန်းပိုင်ရှင်ကို တော်လှန်ရေးအတွက် ကူညီထောက်ပံ့နေတယ်၊ ဆန္ဒပြသပိတ်အဖွဲ့တွေအတွက် နံရံကပ်စာစောင်တွေ၊ ဆိုင်းဘုတ်တွေ အခကြေးငွေမယူဘဲ ကူညီလုပ်ဆောင်ပေးနေတယ်ဆိုပြီး ဖမ်းဆီးကာ ပုံနှိပ်လုပ်ငန်းသုံး ပစ္စည်းတွေလည်း သိမ်းဆည်းခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေက လက်ရှိ ကလေးမြို့ပေါ်မှာ ရှောင်တခင် ဝင်ရောက်စစ်ဆေးတာတွေ မကြာခဏ ပြုလုပ်နေပြီး ဒေသခံတွေကိုလည်း စစ်ဆေးဖမ်းဆီး ခြိမ်းခြောက်တာတွေ လုပ်နေတာကြောင့် မြို့နေပြည်သူတွေဟာ စိုးရိမ်ကြောက်လန့်နေရပါတယ်။

လတ်တလော စစ်ကောင်စီတပ်တွေက ကလေးနယ်တောင်ပိုင်းမှာ သာလွန်အင်အားသုံးပြီး ကုန်းကြောင်းကသာမက လေကြောင်းကပါ ထိုးစစ်ဆင်နေပြီး ‌ကျေးရွာတေွက ဒေသခံနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေပါတယ်။

စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ကလေးမြို့မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူ ၄၀၀‌ ကျော်နဲ့ ပစ်ခတ်သတ်ဖြတ်ခံရသူ ၁၀၀‌ ‌ကျော်ရှိပြီလို့ သပိတ်အဖွဲ့ စာရင်းအရ သိရပါတယ်။

//
Up