ဒန်ညက်စ်ဒေသတွင် ယူကရိန်းစစ်သားများ ပုန်းခိုကျင်းများ ပြင်ဆင်

ရုရှားစစ်တပ်က ပုံမှန် ပစ်ခတ်တာ ခံနေရတာကြောင့် ယူကရိန်းစစ်သားတွေဟာ ဒန်ညက်စ်ဒေသအတွင်း ဘာ့ခ်မွတ်မြို့နားမှာ ကတုတ်ကျင်းတွေ ပုန်းခိုကျင်းတွေကို ဇွန်လ ၅ ရက်က ပြင်ဆင်နေကြပြီး အခြေအနေက ခက်ခဲ့ပေမယ့် သူတို့ရဲ့ စခန်းတွေကို ဆက်ထိန်းထားနိုင်သေးတယ်လို့ စစ်သားတယောက်က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
“ကျနော်တို့က ရုရှားတွေကို ကျနော်တို့နယ်စပ်ကနေ တိုက်ထုတ်ရမယ်။ ဒါမှ သူတို့ ဘယ်တော့မှ ထပ်မလာမှာ”လို့ စစ်သည် အန်ဒရေက ပြောပါတယ်။
သူနဲ့ ရဲဘော်ရဲဘက်တွေဟာ နောက်ထပ် လက်နက် အထောက်အပံ့တွေရဖို့ ဆန္ဒရှိနေပြီး “တင့်ဖျက်လက်နက်တွေက တော်တော်ကွာခြားအောင် လုပ်နိုင်မယ်။ တင့်ကားတွေ ဖျက်ဆီးခံရရင် ပြေးဖို့ကလွဲလို့ ရွေးစရာမရှိဘူး” လို့ သူတို့က ပြောပါတယ်။
လတ်တလော သီတင်းပတ်တွေအတွင်းမှာ ရုရှားဟာ သူ့တပ်တွေကို ယူကရိန်းအရှေ့ဘက်က စက်မှုမြို့ငယ်လေး ဆေဗေရိုဒန်ညက်စ်အပေါ် အာရုံစိုက်ထားတာပါ။
လူဟန့်စ်နဲ့ ဒန်ညက်စ်ပြည်နယ် ၂ ခုထဲက တခုကို အပြီးသိမ်းဖို့ အကြီးဆုံးမြေပြင်စစ်ပွဲကို ဆင်နွှဲနေပါတယ်။ ယူကရိန်းတပ်တွေက ဆုတ်ခွာပြီးမှ တကျော့ပြန် ထိုးစစ်ဆင်ခဲ့လို့ ရုရှားတွေ အံ့အားသင့်ခဲ့ရပါတယ်။
မြို့ရဲ့တဝက်ကို ယူကရိန်းတပ်က ပြန်သိမ်းပြီး ရုရှားကို တရစပ် ပြန်တိုက်ထုတ်နေတယ်လို့ လူဟန့် ပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဒီပြောဆိုချက်ကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေး အတည်ပြုနိုင်မှုတော့ မရှိသေးပါဘူး။