close

လူသတ်မှုဖြင့် ဖမ်းဆီးခံရသူ၏ လူသတ်မည့်စာရင်းတွင် အမေရိကန် အုပ်ချုပ်ရေးမှူးများ ပါဝင်

အမေရိကန်နိုင်ငံ ဝစ္စကိုဆင်ပြည်နယ် တရားသူကြီးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ စွပ်စွဲခံရသူ တယောက်ရဲ့ လူသတ်မယ့်စာရင်းထဲမှာ အမေရိကန်နိုင်ငံ ပြည်နယ်အချို့က အုပ်ချုပ်ရေးမှူးတွေ ပါဝင်နေပါတယ်။ 

အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် မစ်ချ်မက်ကောနေး၊ မီချီဂန်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက်ချန်ဝစ်မာနဲ့ ဝစ္စကိုဆင်ပြည်နယ် အုပ်ချုပ်ရေးမှူး တိုနီအဲဗားစ်တို့ ပါနေတယ်လို့ အာဏာပိုင်တွေနဲ့ ဒေသခံမီဒီယာတွေကို ကိုးကားပြီး ဇွန် ၅ ရက်နေ့ ရိုက်တာသတင်းမှာ ပြောပါတယ်။

နယူးလစ္စဘွန်းမြို့နယ်ထဲက လူနေအိမ်ထဲကို သေနတ်သမားတယောက်က သေနတ်နဲ့ ၂ ချက် ပစ်ခတ်သွားတယ်ဆိုတဲ့ ဖုန်းဆက်သတင်းပေးမှုကို ဒေသခံ အုပ်ချုပ်ရေးရုံးက လက်ခံရရှိခဲ့အပြီး အသက် ၆၈ နှစ်အရွယ် အငြိမ်းစားတရားသူကြီးကို ဇွန် ၃ ရက်နေ့က သူ့အိမ်မှာ သေဆုံးလျက်သား တွေ့ရတယ်လို့ ဝစ္စကိုဆင် တရားရေးဌာနက ပြောပါတယ်။ ဒါဟာ ပစ်မှတ်ထား တိုက်ခိုက်မှုလို့ ဆိုပါတယ်။

တရားသူကြီးရဲ့ နေအိမ်မြေအောက်ခန်းမှာ အသက် ၅၆ နှစ်အရွယ် ဒေါက်ကလပ်စ် အာဒေကို သူ့ကိုယ်သူ ပစ်ခတ်ထားတဲ့ သေနတ်ဒဏ်ရာနဲ့ တွေ့ရှိခဲ့လို့ သံသယရှိသူအဖြစ် သတ်မှတ်ပြီး ဆေးရုံတင်ပို့ခဲ့ပါတယ်။ အခင်းဖြစ်နေရာကနေ သေနတ်တလက် တွေ့ရှိခဲ့တယ်လို့လည်း တရားရေးဌာနက ပြောပါတယ်။

အမေရိကန်မှာ လတ်တလော သီတင်းပတ်အတွင်း နယူးယောက်ပြည်နယ်က ကုန်စုံဆိုင်၊ တက္ကဆက်ပြည်နယ်က မူလတန်းကျောင်းနဲ့ အိုကလာဟိုးမားပြည်နယ်က ဆေးဘက် အဆောက်အအုံတခုတို့မှာ လူအုပ်ကို ပစ်ခတ်မှုကြောင့် လူဒါဇင်ချီ သေဆုံးခဲ့ပြီးပါပြီ။

//
Up