ထီးလင်း၊ ယင်းမာပင်၊ ကန့်ဘလူ၊ ချောင်းဦးမြို့နယ်များရှိ ကျေးရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ စင်းဇယ်ကျေးရွာက ပြည်သူလူထု နေအိမ်တွေကို ဇွန် ၆ ရက် ဒီနေ့လယ်ပိုင်းစပြီး စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ဇွန် ၂ ရက်ကလည်း စင်းဇယ်ရွာက လူနေအိမ် ၄ လုံး၊ စပါးကျီ ၁ လုံးနဲ့ ရေပုတ်ရွာက နေအိမ် ၁၂ လုံးတို့ကို မီးရှို့ ဖျက်ဆီးသွားခဲ့ကြပါသေးတယ်။
လက်ရှိမှာတော့ မီးရှို့ဖျက်ဆီးခံရတဲ့ကျေးရွာက ဒေသခံတွေဟာ ဘေးလွတ်ရာ တောတောင် ဒေသ တွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားဝတ်နေရေးအခက်အခဲတွေဖြစ်ပေါ်နေတာပါ။
“ရွာနားမှာ တိုက်ပွဲဖြစ်ပြီး ရွာကိုဝင်ပြီးမီးရှို့တာ။ တနေ့က အရှို့ခံရပြီးပြီ အိမ် ၄ လုံး ပါ သွားသေးတယ်။အခုတော့ ဘေးလွတ်ရာမှာ ပြေးနေရတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မီးရှို့ဖျက်ဆီးခံရတဲ့ စင်းဇယ်ရွာမှာ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး လူဦးရေ ၄၀၀ လောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယင်းမာပင်မြို့နယ်မှာလည်း ဒေသခံပြည်သူတွေရဲ့နေအိမ် အဆောက်အအုံတွေကို ဇွန် ၆ ရက် မနက် ၉ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ထပ်မံ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘန့်ဘွေးမြောက်ရွာနဲ့ ထန်းဇင်ကျေးရွာတို့က ပြည်သူတွေရဲ့နေအိမ်တွေမီးရှို့ခံရတာဖြစ်ပြီး အဲဒီကျေးရွာတွေဟာ အရင်တုန်းကလည်း စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရတာ ၃ ကြိမ်ထက်မနည်းရှိခဲ့ပြီလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့မီးရှို့မှုကြောင့် နေအိမ်အဆောက်အအုံ ၁၂ လုံး မီးလောင်ကျွမ်းသွားခဲ့ပြီး စစ်ရှောင်ပြည်သူတွေရဲ့ အသုံးဆောင်ပစ္စည်းများပါ မီးလောင်ကျွမ်းသွားခဲ့သလို အိမ်မွေးတိရစ္ဆာန်တွေ မီးလောင်သေဆုံးသွာခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
အဆိုပါကျေးရွာနားမှာ မနေ့က စစ်ကောင်စီတပ်ကို PDF အဖွဲ့တခုက မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဥ်တခုရှိခဲ့ပြီးအခုလို မိုင်းခွဲခံရတိုင်း အနီးနားကျေးရွာတွေမှာရှိတဲ့ အပြစ်မဲ့ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးတတ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့လုပ်ရပ်ကိုလည်း လုံးဝပြစ်တင်ရှုံ့ချတယ်လို့ ဆိုပါတယ်။
ကန့်ဘလူမြို့နယ်နဲ့ ကောလင်းမြို့နယ်အစပ်ရှိ အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ကိုးတောင်ဘို့ရွာရဲ့ အရှေ့ဘက်က ကိုင်းမရွာကိုလည်း ဇွန် ၅ ရက်မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီ တပ်သား အင်အား ၄၀ လောက်နဲ့ ဝင်ရောက်လာပြီး နေအိမ်တွေကိုမီးရှို့ခဲ့ တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ရွာခံတစ်ဦးက“လတ်တလော လူနေအိမ် ၁၀ လုံးလောက် မီးရှို့ထားတယ် ပြေးနိုင်လွှားနိုင်သူတွေ ထွက်ပြေးကြပြီး မပြေးနိုင်လို့ ဘုန်းကြီးကျောင်းထဲမှာ ပိတ်မိနေတဲ့သူ ၁၀၀ ကျော်လောက် ကျန်ရှိနေသေးတယ်။ (စစ်-) တွေ ပြန်သွားပြီထင်လို့ မီးငြှိမ်းဖို့ ပြန်လာတဲ့ရွာသား ၆ ယောက်ကို ကင်းပုန်းဝပ်နေတဲ့ (စစ်-) တွေက သေနတ်နဲ့ပစ်တယ်အပြေးမြန်လို့ ထိခိုက်မှုမရှိဘူး "လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ကိုင်းမရွာအရှေ့တောင်ဘက် ဘုရားလမ်းကိုလည်း လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ကြောင်းနဲ့ ရွာကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ စားနပ်ရိက္ခာမရှိလို့ စားသောက်ရေး အခက်အခဲဖြစ်နေကြတယ်လို့ သိရပါတယ်။
ချောင်းဦးမြို့နယ်၊ အမြင့်တိုက်နယ်ရှိ၊ တပါယ်အင်းကျေးရွာမှာတော့ ဇွန်လ ၅ ရက် ညနေ ၃ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေ မီးရှို့ခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တပါယ်အင်းကျေးရွာအတွင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား ၄ ယောက်နဲ့အတူ ပျူစောထီးအဖွဲ့တွေက သေနတ်ပစ်ဖောက်ဝင်ရောက်လာပြီး မီးရှို့ခဲ့တာလို့ သိရပါတယ်။
ကျေးရွာဒေသခံတစ်ဦးက “မနေ့ညနေကဝင်ပြီး မီးရှို့ခံရတာ။ သူတို့လည်း လမ်းတနေရာမှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရတယ်။ အခုရွာကတော့ ရွာလုံးကျွတ်ပြာကျသွားတယ်။ ကျနော်တို့လည်း ကလေးတွေနဲ့အတူ တောထဲပြေးခဲ့ရတာ။ အခု ဘာမှမကျန်တော့ဘူး။"လို့ ပြောပါတယ်။
တပါယ်အင်းကျေးရွာဟာ အိမ်ခြေ ၇၀ ကျော်ရှိပြီး အားလုံးနီးပါး မီးလောင်ကျွမ်းခဲ့ရာမှာ နေအိမ် ၄ လုံးလောက်သာ အကောင်းတိုင်းကျန်ရှိတော့တယ်လို့ ဆိုပါတယ်။
ကျေးရွာကို မီးရှို့ဖျက်ဆီးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးပူးပေါင်းအဖွဲ့အလာကို စောင့်ဆိုင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်သားတယောက်လည်း ဝမ်းဗိုက်ကို သေနတ်ထိမှန်ပြီး ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့လည်း တပါယ်အင်းကျေးရွာအတွင်းကို ပျူစောထီးအဖွဲ့ဝင်တွေ အများပြားရောက်ရှိလာပြီး ပြည်သူတချို့နေအိမ်များနဲ့ နေအိမ်အတွင်းရှိပစ္စည်းများကို ဖျက်ဆီး မီးရှို့တာတွေ ရှိခဲ့ပါတယ်။