နျူကလီးယားပစ္စည်းလွှဲပြောင်းမှု ရပ်တန့်ရေး အမေရိကန်အပါအဝင် ၃ နိုင်ငံကို တရုတ် တိုက်တွန်း

အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျတို့ရဲ့ ၃ နိုင်ငံအဖွဲ့ AUKUS အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တောင်းဆိုမှုကို လိုက်နာပြီး နျူကလီးယား လက်နက်ပစ္စည်းလွှဲပြောင်းမှုလုပ်နေတာ ရပ်တန့်လိုက်ဖို့ တရုတ်ကတိုက်တွန်းလိုက်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်သံတမန် ဝမ်ချွန်းနဲ့ တခြား နိုင်ငံတကာအဖွဲ့အစည်းတွေက ဗီယင်နာမှာ ဇွန် ၆ ရက်က ပြောပါတယ်။
နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA)ရဲ့အုပ်ချုပ်ရေးမှူးများ ဘုတ်အဖွဲ့အစည်းအဝေးကို သြစတြီးယားနိုင်ငံ ဗီယင်နာမှာ ဇွန် ၆ ရက်က ကျင်းပရာမှာ ပြောကြားလိုက်တာပါ။
AUKUS သုံးနိုင်ငံ သဘောတူညီချက်အပေါ် နိုင်ငံတကာအသိုက်အဝန်းရဲ့ စိုးရိမ်ပူပန်မှုကို ထင်ဟပ်နေတာကြောင့် IAEA ဘုတ်အဖွဲ့ အစည်းအဝေးဟာ သူ့ရဲ့အစီအစဉ်ထဲမှာ AUKUS ကိစ္စကို တတိယအကြိမ်မြောက် ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။
တရုတ်ရဲ့ အဆိုပြုချက်ဖြစ်တဲ့ AUKUS ရဲ့ အစီအစဉ်မှာ နျူကလီးယားပစ္စည်းများ လွှဲပြောင်းခြင်းနဲ့ NPT (နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုင်ရာ သဘောတူစာချုပ်) အရ ကဏ္ဍပေါင်းစုံမှာ အကာအကွယ် ပေးအပ်ခြင်းဆိုင်ရာ တရားဝင်အစီအစဉ်တစ်ခုအဖြစ် သတ်မှတ်ဖို့ကို အစည်းအဝေးမှာ အများသဘောဆန္ဒနဲ့ ဆုံးဖြတ်ခဲ့ကြောင်း ဝမ်ချွန်းက ပြောပါတယ်။
သုံးနိုင်ငံ နျူကလီးယားရေငုပ်သင်္ဘော ပူးပေါင်းဆောင်ရွက်မှုမှာ ပါဝင်တဲ့ နျူကလီးယား လက်နက်ပစ္စည်းတွေကို နိုင်ငံတကာ မပြန့်ပွားရေးစာချုပ်အဖွဲ့ကြီးရဲ့ ပြင်ပမှာ မသိမ်းထားသင့်ဘူးလို့လည်း သူက ဆိုပါတယ်။
နိုင်ငံတကာအသိုက်အဝန်းအပေါ် တာဝန်သိစိတ်ထားရှိဖို့၊ နျူကလီးယား မပြန့်ပွားရေးဆိုင်ရာ ဥပဒေပါ ဝတ္တရားတွေကို ဖြည့်ဆည်းဆောင်ရွက်ဖို့နဲ့ AUKUS လက်အောက်ရှိ နျူကလီးယား လက်နက်လွှဲပြောင်းမှုနဲ့ပတ်သက်တဲ့ သက်ဆိုင်ရာ အချက်အလက်အားလုံးကို IAEA ကို ချက်ချင်း ကျယ်ကျယ်ပြန့်ပြန့် သတင်းပို့ဖို့ တရုတ်က တောင်းဆိုခဲ့ပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာလက အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျတို့က AUKUS ကို တည်ထောင်ကြောင်း ကြေညာခဲ့ပြီး ဒီအောက်မှာ ဩစတြေးလျက သူ့ရဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ ဝယ်ယူရာမှာ အမေရိကန်နဲ့ ဗြိတိန်တို့က အကူအညီပေးမှာ ဖြစ်ပါတယ်။