အီတလီရဲတပ်ဖွဲ့က ကိုလံဘီယာ မူးယစ်ဂိုဏ်းထံမှ ကိုကင်း ၄ ဒသမ ၃ တန် ဖမ်းဆီးရမိ

ကိုလံဘီယာက ကလန်ဒဲလ်ဂေါလ်ဖို မူးယစ်ဆေးဝါးဂိုဏ်းကို အကြီးအကျယ် ထိုးနှက်ချက်အဖြစ် တန်ဖိုး ယူရို သန်း ၂၄၀ (ဒေါ်လာ ၂၅၇ သန်း) တန်ကြေးရှိတဲ့ ကိုကင်း ၄ ဒသမ ၃ တန် သိမ်းဆည်းရမိခဲ့တယ်လို့ အီတလီစုံစမ်းစစ်ဆေးရေးမှူးတွေက ဇွန် ၇ ရက်က ပြောပါတယ်။
ကိုကင်းတွေအပြင် ငွေသား ယူရို ၁ ဒသမ ၈၅ သန်းကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ပါတယ်။ ဒါဟာ ဥရောပတိုက်မှာ အကြီးမားဆုံး မူယစ်ဆေးဖမ်းမိမှုတွေထဲက တစ်ခုဖြစ်ပြီး နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတခုအပြီးမှာ ခုလို ဖမ်းဆီးလိုက်တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အီတလီ၊ စလိုဗေးနီးယား၊ ခရိုအေးရှား၊ ဘူလ်ဂေးရီးယား၊ နယ်သာလန်နဲ့ ကိုလံဘီယာ နိုင်ငံပေါင်း ၆ နိုင်ငံမှ လူပေါင်း ၃၈ ဦးကိုလည်း ဖမ်းဝရမ်းထုတ်ထားတယ်လို့ ဆိုပါတယ်။
ဒီစုံစမ်းစစ်ဆေးမှုဟာ ၁ နှစ်ကျော် ကြာမြင့်ခဲ့ပြီး ကိုလံဘီယာ တရားစီရင်ရေးဌာနနဲ့ အမေရိကန် ပြည်တွင်းလုံခြုံရေးဌာနတို့ ပါဝင်ပါတယ်။
ကိုလံဘီယာ အာဏာပိုင်တွေဟာ “အိုတိုနီရယ်” လို့ လူသိများတဲ့ ကလန်ဒဲလ်ဂေါလ်ဖို မူးယစ်ဂိုဏ်းခေါင်းဆောင်ကို အောက်တိုဘာလက ဖမ်းမိပြီးနောက်မှာ ကမ္ဘာတဝန်းရှိ နိုင်ငံပေါင်း ၂၈ နိုင်ငံအထိ ကွန်ရက် ဖြန့်ကြက်ထားတဲ့ မူးယစ်ဂိုဏ်းကို ဖြိုခွင်းဖို့ အာရုံစိုက်နေကြောင်း ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ပြောပါတယ်။
ဒီဖမ်းဆီးမှုဟာ ကိုလံဘီယာ မူးယစ်ဂိုဏ်းတွေကြား အရေးအကြီးဆုံးအုပ်စုကို နောက်ထပ် ထိုးချက်တလုံး ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။
သူတို့အလုပ်ဟာ ဥရောပဝယ်သူတွေနဲ့ တောင်အမေရိက ကိုကင်းထုတ်လုပ်သူတွေအကြားက ကွန်ရက်တခုကို ဖော်ထုတ်ခဲ့ရတာလို့ ဆိုပါတယ်။ အဲဒီကွန်ရက်ဟာ အီတလီက အန်ဒရန်းဂက်တာ’ မာဖီးယားဂိုဏ်းရဲ့ ဌာနချုပ်ရှိတဲ့ ကာလာဘရီယာ အပါအဝင် အီတလီတဝန်းမှာ ကျင်လည်ကျက်စားနေတဲ့ ရာဇ၀တ်ဂိုဏ်းအဖွဲ့တွေကို စုစည်းထားတာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် မေလကစပြီး မူးယစ်ဆေးဝါး ဆက်တိုက် သယ်ဆောင်လာတဲ့ အမှုပေါင်း ၁၉ မှုနောက်ကို လိုက်နေခဲ့တာဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု စနစ်မှာ အရေးကြီးတဲ့ အလယ်လူတွေနဲ့ အရေအတွက် များပြားလွန်းလှတဲ့ သယ်ဆောင်သူတွေကို ဖော်ထုတ်နိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။