လှိုင်သာယာတွင် ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားပြီး ၃ ဦး ဒဏ်ရာရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၅) ရပ်ကွက်မှာ ဇွန် ၇ ရက်မနက်ပိုင်းက ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားပြီး အမျိုးသမီး နှစ်ယောက်နဲ့ အမျိုးသားတယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အမှတ် ၅ ရပ်ကွက် နဝရတ်လမ်းက အမှိုက်ပုံးနားမှာ ဗုံးပေါက်ကွဲခဲ့လို့ အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရအပြီး ဒုတိယအကြိမ် ထပ်မံပေါက်ကွဲခဲ့တဲ့အတွက် အနီးပတ်ဝန်းကျင်က သားအမိနှစ်ယောက် ထပ်မံဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
နဝရတ်လမ်းအတွင်းနေထိုင်တဲ့ဒေသခံအမျိုးသားတစ်ဦးက "ဗုံးက အမှိုက်ပုံးထဲမှာ ပေါက်တာ ပထမအကြိမ်ပေါက်တော့ လမ်းသွားလမ်းလာ အမျိုးသမီး တစ်ဦး ထိသွားတယ်။ ဗုံးပေါက်တာဆိုပြီး လာကြည့်သူတွေ ရှိနေတုန်း ဒုတိယအကြိမ်ထပ်ပေါက်တယ်။ ဒုတိယအကြိမ် ဗုံးပေါက်တော့ လာကြည့်တဲ့ သားအမိနှစ်ယောက် လည်းဒဏ်ရတယ်။ စုစုပေါင်း သုံးယောက် ဗုံးစမှန်တယ်။ ဘယ်အဖွဲ့လုပ်လည်းတော့ မသိရဘူး" လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲခဲ့လို့ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဒေါ်မေသူအောင်၊ ဒေါ်ကလျာရှိန်နဲ့ ဦးအကာစိုးတို့ကို လှိုင်သာယာဆေးရုံကိုပို့ဆောင်ထားရပါတယ်။
လှိုင်သာယာမြို့နယ်မှာ ဧပြီ ၁၄ ရက်ကလည်း အမှတ် ၁၀ ရပ်ကွက်ရုံးနားက ရေကစားမဏ္ဍပ်မှာ ဗုံးပေါက်ကွဲခဲ့လို့ အမျိုးသမီးတယောက် သေဆုံးပြီး အမျိုးသား တယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။