တွစ်တာကုမ္ပဏီကို အီလွန်မတ်စ်ခ်ထံ ရောင်းမည့်ကိစ္စ အစုရှယ်ယာရှင်များ မဲပေးဆုံးဖြတ်မည်

တွစ်တာ နိုင်ငံတကာ ကော်ပိုရေးရှင်းက အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံနဲ့ သူ့ကုမ္ပဏီကို အီလွန်မတ်စ်ခ်ဆီ ရောင်းမလားဆိုတာ ဩဂုတ်လအစောပိုင်းမှာ အစုရှယ်ယာရှင်တွေ မဲပေးကြဖို့ စီစဉ်နေပါတယ်။
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်ခ်စ်နဲ့ သဘောတူညီချက်ကို အပြီးသတ်ဖို့ အပြုသဘောဆောင်တဲ့အလုပ်တွေ ဆက်လုပ်နေတယ်လို့ ဆိုရှယ်မီဒီယာကုမ္ပဏီရဲ့ ထိပ်တန်းအမှုဆောင်အရာရှိတွေက ဝန်ထမ်းတွေကို ဇွန် ၈ ရက်မှာ ပြောခဲ့ပါတယ်။
မတ်စ်ခ်လိုချင်နေတဲ့ အချက်အလက်တွေကို စပန်နဲ့ အကောင့်တုတွေဆီကနေ ယူပေးဖို့ တွစ်တာဘက်က ပျက်ကွက်ခဲ့ရင် မဝယ်ဘဲ နုတ်ထွက်နိုင်တယ်လို့ မတ်စ်ခ်ရဲ့ ရှေ့နေတွေက ဇွန် ၆ ရက်မှာ သတိပေးခဲ့ပါတယ်။
တွစ်တာကလည်း မတ်စ်ခ်နဲ့ သတင်းအချက်အလက်တွေ ဆက်ပြီး မျှပေးနေတယ်လို့ ပြောပါတယ်။ သူလိုချင်တဲ့ သတင်းအချက်အလက် အစိတ်အပိုင်းဟာ တွစ်တာသုံးသူတွေရဲ့ အသုံးအဆောင်၊ ဒါမှမဟုတ် တွစ်တာပေါ်မှာ ထုတ်လွှင့်လိုက်တဲ့ အကောင့်ရှင်ရဲ့ ကိုယ်ရေးအချက်အလက်တွေ စတဲ့ မတူခြားနားတဲ့ ကန့်သတ်ချက်တွေနဲ့ ခွဲခြမ်းစိတ်ဖြာထားတဲ့ တွစ်တာပလက်ဖောင်းပေါ်မှာ တင်ထားသမျှ အားလုံးပါဝင်တဲ့ "firehose" အစုအဝေး သတင်းအချက်အလက်တွေပဲလို့ ဒီကိစ္စနဲ့ ရင်းနှီးသူတွေက ပြောပါတယ်။
တွစ်တာဟာ သူ့ရဲ့ သတင်းအချက်အလက်တွေကို သူ့ရဲ့ လိုင်စင်လုပ်ငန်း တစိတ်တပိုင်းအဖြစ် ဆိုရှယ်မီဒီယာစောင့်ကြည့်ရေး ကုမ္ပဏီတွေဆီ ရောင်းချခဲ့ပေမဲ့ မတ်စ်ခ်ကိုတော့ သတင်းအချက်အလက် ဖလှယ်မှုရဲ့ တစိတ်တပိုင်းအဖြစ် အခမဲ့ပေးဖို့ စီစဉ်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောခဲ့ပါတယ်။
firehose ထဲမှာ လျှို့ဝှက်အချက်အလက်တွေ၊ တွစ်တာသုံးသူတွေက အများပြည်သူအတွက် ပေးသိတာမဟုတ်တဲ့ ကိုယ်ရေးကိုယ်တာ အသေးစိတ်အချက်အလက်တွေ ဒါမှမဟုတ် အကောင့်ရှင်တွေက သူတို့ရဲ့အကောင့်တွေကို ဘယ်လောက်ကြာကြာ စစ်ဆေးလဲ စတဲ့ အချက်အလက်တွေ မပါဘူးလို့ သတင်းရင်းမြစ်တွေက ထပ်လောင်းပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ တွစ်တာသုံးသူတွေနဲ့ ပတ်သက်တဲ့ လျှို့ဝှက်သတင်းအချက်အလက် ဘယ်လောက်များများကို အီလွန်မတ်စ်ခ်ဆီ ပေးမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒီအပေါ် မှတ်ချက်ပေးဖို့ တောင်းဆိုတာကိုလည်း မတ်စ်ခ်ရဲ့ ပြောခွင့်ရက ချက်ချင်းမတုံ့ပြန်ခဲ့ပါဘူး။
ကုမ္ပဏီဟာ မတ်စ်ခ်နဲ့ သဘောတူညီချက်နဲ့ ပတ်သက်ပြီး ဇူလိုင်လနှောင်းပိုင်း ဒါမှမဟုတ် သြဂုတ်လအစောပိုင်းမှာ အစုရှယ်ယာရှင်တွေ မဲပေးနိုင်ဖို့ မျှော်မှန်းထားတယ်လို့ တွစ်တာရဲ့ ဘဏ္ဍာရေးအရာရှိချုပ် နဒ် ဆီးဂဲက ဝန်ထမ်းအစည်းအဝေးမှာ ပြောခဲ့ပါတယ်။