close

ဂန့်ဂေါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့် သေဆုံး

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ ဇွန် ၈ ရက် မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ စစ်ကောင်စီတပ်တွေနဲ့ PDF-ဂန့်ဂေါ Battalion၊ YPDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က အယောက် ၂၀ လောက် သေဆုံးခဲ့တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်ရင်း (၇၀၆) Hyper UAV Force က ပြောပါတယ်။

ဂန့်ဂေါမြို့နယ် ရဲလှရွာကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဇွန် ၈ ရက် မနက် ၇ နာရီလောက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်ရင်း (၇၀၁)၊ PDF-ဂန့်ဂေါ Battalion၊ တပ်ရင်း (၇၀၄)၊ တပ်ရင်း (၇၀၆) HUF နဲ့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF တို့ ပူးပေါင်းပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြောက်ကျားနည်းစနစ်ကို အသုံးပြပြီး ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ HUF ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

“နှစ်ဖက် အပြန်အလှန် ထိတွေ့တိုက်ပွဲ ၁ နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး စစ်(...)တွေဘက်က ၁၅ ယောက်လောက် သေဆုံးခဲ့တယ်။ ညနေ ၃ နာရီလောက်မှာလည်း မွှေ့လယ်ရွာကနေ ရေရှင်မရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၅ ယောက် သေဆုံးခဲ့တယ်။ ပြင်သာဆည်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း အန္တားရွာနားမှာ HUF က AirDrop ချကာတိုက်ခိုက်ခဲ့ပြီး စစ်(...)ဘက်က ထိခိုက်သေဆုံးတဲ့ အခြေနေကို မသိရသေးဘူး။” 

အောင်ပွဲနဲ့ ပြန်လာကြတဲ့ ရှေ့တန်းပြန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေကို တပ်ရင်း (၇၀၁) က အောင်သပြေအောင်ပန်းတွေနဲ့ ကြိုဆိုခဲ့ကြတယ်လို့ ပြောပါတယ်။

မကွေးတိုင်း ကိုင်းလယ်ရဲစခန်းကို ဇွန် ၇ ရက် မနက်ပိုင်းက ဒေသကာကွယ်ရေး ညီနောင်မဟာမိတ်တပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့လို့ ရဲ ၄ ယောက် သေဆုံးကာ တယောက် ခြေထောက်ဖြတ်လိုက်ရတယ်လို့ YDF-ပေါက် တပ်ရင်းရဲ့ ခေါင်းဆောင် ဗိုလ်နားပေါက်က ဒီဗွီဘီကို ပြောပါတယ်။

“မနေ့က စခန်းသိမ်းတိုက်ပွဲမှာ ထိခိုက်သေဆုံးတဲ့ အခြေအနေကို တပ်တွင်း သတင်းပေးတွေဆီကနေ ဒီနေ့ ဇွန်လ ၈ ရက်နေ့မှ သတင်းအတိအကျ ရတာဗျ။ ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားတဲ့ ရဲ(....)ထဲက ၃ ကောင် သေတယ်။ ကျနော်တို့ ဖမ်းမိထားတဲ့ ရဲတယောက် သူ့ဟာသူ မိုင်းထိပြီးသေတာနဲ့ဆိုရင် စုစုပေါင်း ၄ ယောက် သေဆုံးခဲ့တယ်။ ဒဏ်ရာရတဲ့ ရဲတယောက်ကတော့ ပေါက်ဆေးရုံကနေ ပခုက္ကူဆေးရုံကို ပို့ဆောင်ပြီး ခြေထောက်တဖက် ဖြတ်လိုက်ရတယ်။”

အဲဒီစခန်းသိမ်းတိုက်ပွဲကို YDF-ပေါက်၊ CAF-SPUPDF၊ ရေနံချောင်း-PDF၊ SPGF၊ YDF၊ ချောက် ပ.က.ဖ၊ စလင်း-PDF၊ ဘာမထီပြောက်ကျားတပ်ဖွဲ့နဲ့ ပြည်သူ့စွမ်းအားတပ်ပေါင်းစု (PPC) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဗိုလ်နားပေါက်က ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေနဲ့ စစ်ကူတွေလိုက်လာလို့ ပြန်လည်ဆုတ်ခွာခဲ့ရတယ်။ အဲဒီတိုက်ပွဲမှာ မြေလတ်ဒေသ ဆိပ်ဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CAF-SPUPDF က ရဲဘော် ၂ ယောက် တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရတယ်လို့ ဆိုပါတယ်။

ကျဆုံးခဲ့ရတဲ့ ရဲဘော် ရန်နိုင်မိုးနဲ့ ရဲဘော် ကျော်ဇောလင်းတို့ကို မနေ့ညနေပိုင်းမှာ CAF-SPUPDF က စစ်ရေးပြအခမ်းနားနဲ့ အမိန့်ပြန်ပြီး မီးသင်္ဂြိုဟ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

//
Up