close

အမေရိကန် တရားရေးအရာရှိကို ခြိမ်း‌ခြောက်သည့် လက်နက်ကိုင်အမျိုးသားအား ဖမ်းဆီး

အမေရိကန်ပြည်ထောင်စု တရားလွှတ်တော်ချုပ် တွဲဖက်တရားရေးအရာရှိ ဘရက်ဒ် ကာဗနောကို ခြိမ်းခြောက်တဲ့ လက်နက်ကိုင်အမျိုးသားတဦးကို ကွန်ဆာဗေးတစ် အမေရိကန် တရားရုံးချုပ် တရားသူကြီးရဲ့ မေရီလန်းနေအိမ်အနီးမှာ ဇွန် ၈ ရက် အစောပိုင်းက ဖမ်းဆီးလိုက်တယ်လို့ တရားရုံး ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။

အဲဒီနေရာဟာ မကြာသေးမီ သီတင်းပတ်တွေအတွင်း ကိုယ်ဝန်ဖျက်ချခွင့်အရေး ထောက်ခံသူတွေရဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်တဲ့နေရာလည်း ဖြစ်ပါတယ်။

အဲဒီအမျိုးသားကို ဝါရှင်တန်မြို့ ဆင်ခြေဖုံးရှိ မွန့်ဂိုမာရီကောင်တီရှိ ရဲဌာနတခုကို ပို့ဆောင်ခဲ့ကြောင်း တရားရုံး ပြောရေးဆိုခွင့်ရှိသူ ပက်ထရစ်ရှာ မက်ကေ့ဘ်က ပြောပါတယ်။ အဲဒီလူ ဘယ်သူဆိုတာကိုတော့ မက်ကေ့ဘ်က မဖော်ထုတ်ခဲ့ပါဘူး။

ဝါရှင်တန်ပို့စ်သတင်းစာမှာတော့ အဲဒီသူဟာ အသက် ၂၀ ဝန်းကျင်ရှိပြီး စီရင်ချက်မူကြမ်းအပေါ် ဒေါသထွက်နေတယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်း တရားဝင် ကိုယ်ဝန်ဖျက်ချခွင့်ဖြစ်တဲ့ အထင်ကရ 1973 Roe v. Wade ဆုံးဖြတ်ချက်ကို ဖျက်သိမ်းပစ်ဖို့ တရားရုံးရဲ့ ကွန်ဆာဗေးတစ်အများစုက ပြင်ဆင်နေကြောင်း သတင်းပေါက်ကြားခဲ့ပြီး မေ ၂ ရက်မှာ စီရင်ချက်မူကြမ်းကို ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအချိန်ကတည်းက ကိုယ်ဝန်ဖျက်ချခွင့်ကို ထောက်ခံသူတွေဟာ ကာဗနောရဲ့နေအိမ်နဲ့ တခြား တရားသူကြီး ၂ ယောက်ရဲ့နေအိမ်တွေ အပြင်ဘက်မှာ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပြီး တရားရုံးအပြင်ဘက်မှာလည်း စုဝေးခဲ့ကြပါတယ်။

ပေါက်ကြားလာတဲ့ သဘောထားမူကြမ်းကြောင့် တရားရုံးချုပ် တရားသူကြီးတွေအတွက် လုံခြုံရေး တိုးမြှင့်ထားတယ်လို့ အမေရိကန် တရားရေးဌာနက မေ ၁၁ ရက်မှာ ပြောပါတယ်။

တရားရုံးရဲ့ ရှိပြီးသား ရဲတပ်ဖွဲ့ကို ပံ့ပိုးကူညီမှုတွေ ထပ်ဆောင်းပေးဖို့ အမေရိကန်ရှေ့နေချုပ် မားရစ်ခ် ဂါလန်းဒ်က US Marshals Service ကို ညွှန်ကြားထားပါတယ်။

//
Up