close

ဝက်လက်မြို့နယ်၌ စစ်တပ်က ရွာသား ၁ ဦးကို သတ်ဖြတ်၊ ၅ ဦး ဓားစာခံအဖြစ် ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ဘိုတဲကျေးရွာက ဒေသခံရွာသားတယောက်ကို စစ်ကောင်စီတပ်က ဇွန် ၈ ရက်မှာ  မီးရှို့သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါစစ်တပ်ဟာ အင်အား ၁၀၀ ‌ကျော်လောက်နဲ့ ရွှေဘိုမြို့ကနေထွက်လာပြီး ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံရွာသားတဦးက “စစ်ကောင်စီက အတော်လေးရက်စက်တယ်ဗျာ။ အပြစ်မဲ့တဲ့ ပြည်သူတယောက်ကို အခုလို မီးရှို့သတ်တာ အတော်လေး တရားလွန်တယ်။ ကျနော်တို့ရွာကို စစ်ကြောင်းထိုးရင်းနဲ့ နေ့လယ်ပိုင်းမှာ ဝင်လာတယ်။ အဲဒါပြီးတော့ အသက် ၁၈ နှစ်အရွယ် မောင်ဇေယျာခိုင်ကို သတ်ဖြတ်မီးရှို့တယ်။ ညနေ ၆ နာရီလောက်ကျတော့ သပြေသာကျေးရွာဘက် ထွက်သွားကြတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကျေးရွာအတွင်း ပြည်သူပိုင်အိမ်တွေကို ဝင်ရှောက်ရှာဖွေ ယူဆောင်တာ‌တွေ ပြုလုပ်ပြီး ကျေးရွာသား ငါးယောက်ကိုလည်း ဓားစာခံအဖြစ် ခေါ်ဆောင်သွားကြပါတယ်။

အခုဖမ်းဆီးခံရသူ ရွာသား ငါးယောက်ထဲမှာ အမျိုးသမီး လေးယောက်နဲ့ အမျိုးသားတယောက် ပါဝင်ပြီး သူတို့ကို လက်ရှိအချိန်အထိ ပြန်လွှတ်မပေးသေးတာကြောင့် အသက်အန္တရာယ် စိုး‌ရိမ်နေကြတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

//
Up