အာဆီယံနှင့်ပူးပေါင်းပြီး မြန်မာအတွက် လူသားချင်းစာနာမှုအကူအညီပေးရန်အသင့်ရှိ ICRC ပြော

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) အနေနဲ့ အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးညှိနှိုင်းမှု ဗဟိုဌာန (ASEAN AHA) နဲ့ ပူးပေါင်းကာ မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ ပံ့ပို့ပေးသွားဖို့ အဆင်သင့်ရှိနေတယ်လို့ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံလို တိုင်းရင်းသားလက်နက်ကိုင်တွေရှိတဲ့ ဒေသတွေနဲ့ ရောက်ဖို့ခက်ခဲတဲ့ ဒေသတွေအပါအဝင် နေရာတိုင်းမှာရှိတဲ့ အကူအညီလိုအပ်နေသူတိုင်း၊ အဖွဲ့အစည်းတိုင်းဆီကို ဘက်လိုက်ခြင်းမရှိဘဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ရောက်ရှိနိုင်ဖို့ အရေးကြီးကြောင်း ICRC ရဲ့ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဒါရိုက်တာ ခရစ်စတင်းချီပိုလာ ကပြောပါတယ်။
မြန်မာနိုင်ငံအတွက်အကူအညီပေးဖို့လုပ်နေတဲ့ အာဆီယံလူသားချင်းစာနာမှုအကူအညီပေးရေးအဖွဲ့ (ASEAN AHA)မှာ ICRC ကိုလည်း ထည့်သင့်တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာက မလေးရှားမှာ မလေးရှားမှာ ICRC လုပ်ငန်းတွေ အနှစ် ၅၀ ပြည့် အထိမ်းအမှတ်မိန့်ခွန်းမှာ ပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီတွေ နှစ်ဆတိုးပြီးပေးဖို့လည်း မလေးရှားဝန်ကြီးချုပ်က တိုက်တွန်းလိုက်ပြီး ASEAN AHA နဲ့ မိတ်ဘက်အဖွဲ့အစည်းတွေကသာ တခြားအဖွဲ့အစည်းတွေ သွားရောက်ကူညီဖို့ မလွယ်ကူတဲ့ တိုက်ပွဲဖြစ်ပွားရာနေရာ၊ အကြမ်းဖက်မှုဖြစ်ပွားရာနေရာတွေကို ပြောပြပေးမယ်ဆိုရင် ICRC ကသွားရောက်ကူညီပေးဖို့ အဆင်သင့်ရှိတယ်လို့ ပြောတဲ့ အကြောင်းလည်း မလေးရှားအခြေစိုက် ဘနားမားသတင်းဌာနက ဖော်ပြပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းတွေဟာ စစ်ပွဲနဲ့တိုက်ခိုက်မှုဖြစ်ပွားရာဒေသတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာမှာပိုပြီးအတွေ့အကြုံရှိကြပြီး AHA Center ကတော့ ရေကြီးခြင်းနဲ့ ငလျင်လှုပ်ခြင်းတို့လို သဘာဝဘေးအန္တရာယ်ရင်ဆိုင်ရတဲ့ နေရာတွေကို အကူအညီပေးရာမှာ ပိုပြီးအတွေ့အကြုံရှိတယ်လို့ဆိုပါတယ်။
ကုလသမဂ္ဂရဲ့လမ်းညွှန်မှုအောက်ကနေ AHA Center နဲ့ နိုင်ငံတကာအဖွဲအစည်းတွေ ပါဝင်ကူညီပေးခြင်းအားဖြင့် ထောက်ပံ့ကူညီမှုတွေကို လိုအပ်တဲ့အဖွဲ့အစည်းတွေဆီ တိုက်ရိုက်ရောက်ရှိအောင် ထိထိရောက်ရောက် ဆောင်ရွက်သွားနိုင်မှာဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေက ရွာတွေမီးရှို့၊ လေယာဉ်နဲ့ ဗုံးကြဲ၊ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် မြန်မာပြည်သူ ၁ သန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပြီး ပဋိပက္ခဖြစ်ရာဒေသတွေကို နိုင်ငံတကာက အကူအညီပေးဖို့ လည်း တားဆီးခံနေရတာဖြစ်ပါတယ်။
အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးညှိနှိုင်းမှု ဗဟိုဌာန (ASEAN AHA) က မြန်မာပြည်သူတွေအတွက် အကူအညီပေးဖို့ ကြိုးစားနေရာမှာလည်း ဒီလုပ်ငန်းတွေကို စစ်ကောင်စီခန့် ဝန်ကြီး ဦးကိုကိုလှိုင်က ဦးဆောင်တဲ့အဖွဲ့က လုပ်ဆောင်မယ်ဆိုတာကြောင့် အကူအညီလိုအပ်တဲ့ပြည်သူတွေဆီ အထောက်အပံတွေ မရောက်မှာကို စိုးရိမ်မှုတွေလည်းရှိပါတယ်။
အာဆီယံခေါင်းဆောင်တွေကြားသဘောတူညီထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ဟာလည်း အချိန် တနှစ်ခွဲလောက်ကြာလာတဲ့အထိ မြန်မာအာဏာာသိမ်း စစ်ကောင်စီက တခုမှာ အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးပါဘူး။
အဲဒီအချက် ၅ ချက်မှာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ သက်ဆိုင်သူအားလုံးပါဝင်တဲ့ အပြုသဘောဆွေးနွေးမှုများဆောင်ရွက်ဖို့၊ အာဆီယံအတွင်းရေးမှူးချုပ်ရဲ့အကူအညီနဲ့ အာဆီယံဥက္ကဋ္ဌရဲ့အထူးသံတမန်ခန့်ထားပြီး ကြားဝင်ဖျန်ဖြေပေးဖို့၊ မြန်မာပြည်သူတွေအတွက် အာဆီယံရဲ့ AHA Centre မှ လူသားချင်းစာနာမှုအကူအညီတွေပေးဖို့နဲ့ အာဆီယံအထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံသို့ လာရောက်ခွင့်ပြုဖို့တို့ ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ဟာ မြန်မာပြည်တွင်း လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းတွေဆောင်ရွက်နေသလို အကျဉ်းထောင်တွင်းက အကျဉ်းသားတွေကို သွားရောက်တွေ့ဆုံ ကူညီပေးတဲ့လုပ်ငန်းတွေလည်း လုပ်ဆောင်ခဲ့တာပါ။
၂၀၂၀ ပြည့်နှစ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်တားဆီးရေးနဲ့ ပတ်သက်ပြီး အာရှပစိဖိတ်ဒေသအတွင်း ဆေးရုံပေါင်း ၁၅၀၊ အကျဉ်းထောင်ပေါင်း ၆၃၀၊ စောင့်ကြည့်ထိန်းသိမ်းရေးသီးသန့်ဆောင်တွေ၊ ရဲစခန်းတွေနဲ့ ပြန်လည်ပြုစုကုသရေးစင်တာ ၄၇ ခု၊ နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေရဲ့ ယာယီစခန်း ၃၄ ခု ထက်မနည်းကို ICRC က အကူအညီပေးခဲ့တယ်လို့ ဆွဇ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာရုံးထိုင်တဲ့ ချီပိုလာက ပြောကြားထား ပါတယ်။