close

စစ်ကိုင်းတွင် စစ်ကောင်စီတပ်လိုက်ပါလာသည့် ၁၂ ဘီးကား မိုင်းဆွဲခံရပြီး မီးလောင်ပျက်စီး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် အုံးတောနဲ့ ဆားတောင်အကြားမှာ ဇွန်လ ၁၀ ရက် မနက် ၄ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ၁၂ ဘီးကားကို ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Phoenix (SSG) အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

စစ်ကိုင်းမြို့မှ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇွန် ၉ ရက်ညပိုင်းက အုံးတောကျေးရွာအခြေပြု တပ်အတွင်း ညအိပ်ခဲ့ပြီး နောက်ရက်မနက်ပိုင်းမှာ စစ်ကိုင်း‌- ရွှေဘိုလမ်းအတိုင်း ထွက်ခွာလာရာမှာ အခုလို မိုင်းဆွဲတိုက်ခိုက်ခံရတာလို့ သိရပါတယ်။

Phoenix (SSG) အဖွဲ့က “ကျနော်တို့က သတင်းကြိုရထားပြီးသားပါ။ သူတို့က အရပ်သားအိမ်စီးကား နှစ်စီးကို ရှေ့ကနေ သွားခိုင်းပြီး သူတို့က နောက်ကနေ လိုက်တယ်။ လူသားဒိုင်းလို လုပ်လာတာပေါ့။ လွတ်သွားတဲ့ အချိန်မှာ မိုင်းဆွဲတိုက်ခိုက်တာ။ အပေါ်ပါလာတဲ့ကောင်တွေ ပြန်တောင်မပစ်နိုင်ဘူး။ ကားပါ မီးလောင်ပျက်စီးသွားတာ။ သေဆုံးမှုများတယ်”လို့ ပြောပါတယ်။

သေဆုံး၊ ထိခိုက်ဒဏ်ရာရသူ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတော့ အုံးတောနဲ့ ဆားတောင်မှ လူနာတင်ကားတွေနဲ့ တင်ဆောင်သွားကြတယ်လို့ သိရပြီး သေဆုံးမှုအသေးစိတ်ကို စုံစမ်းနေတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ နယ်စည်းမခြားစစ်ကိုင်းသားအဖွဲ့နဲ့ Phoenix (SSG) အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂ ရက်ကလည်း စစ်ကိုင်း-ရွှေဘိုကားလမ်းရှိ ကျားမင်းကြီးရွာနဲ့ ချိုင်ကြီးကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ၁၀ ဘီးကား ၆ စင်းယာဉ်တန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ပဒေသာမိုင်းများနဲ့ ဖောက်ခွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အများပြား သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ဆင်ရေးအရှိန်မြှင့်တင်တော့မယ့် ကာလဖြစ်တာကြောင့် စစ်ကိုင်း-ရွှေဘိုကားလမ်းကို အရေးပေါ်ကျန်းမာရေးကိစ္စမှအပ ည ၈ နာရီနဲ့ မနက် ၅ နာရီအတွင်း သွားလာခြင်းမပြုကြဖို့ ဒေသခံကာကွယ်တပ်ဖွဲ့တွေက ပြည်သူတွေကို မေတ္တာရပ်ခံထားပါတယ်။

//
Up