close

မြောက်ကိုရီးယား၏ နျူကလီယားဆိုင်ရာညှိနှိုင်းရေးမှူး နိုင်ငံခြားရေးဝန်ကြီးဖြစ်လာ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးမှူးတာဝန်ယူထားတဲ့ ချွဲဆွန်းဟီကို  နိုင်ငံခြားရေးဝန်ကြီးအသစ်အဖြစ် ရာထူးတိုးမြှင့်လိုက်ကြောင်း နိုင်ငံပိုင် မီဒီယာက ဇွန် ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။ 

ဇွန် ၈ ရက်ကနေ ဇွန် ၁၀ ရက်အထိ ကျင်းပခဲ့တဲ့ ကိုရီးယားအလုပ်သမားပါတီ (WPK) ရဲ့ ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေးမှာ ချွဲဆွန်းဟီကို နိုင်ငံရဲ့ထိပ်တန်းသံတမန်အဖြစ် ခန့်အပ်လိုက်တာပါ။

ချွဲဆွန်းဟီဟာ အမေရိကန်နဲ့ နျူကလီးယား အစီအစဉ်ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးမှာ မြောက်ကိုရီးယားဘက်က  အဓိကအရာရှိတစ်ဦးလည်း ဖြစ်ပါတယ်။ 

မြောက်ကိုရီးယားက ၇ ကြိမ်မြောက် နျူကလီးယား  စမ်းသပ်မှုပြုလုပ်ဖို့ ပြင်ဆင်နေတဲ့အပေါ် အမေရိကန်ပြည်ထောင်စုက သတိပေးလိုက်ပြီးနောက်မှာ ဒီခန့်အပ်မှု ထွက်ပေါ်လာတာပါ။

ကင်ဂျုံအန်းဟာ အစည်းအဝေးအတွင်း နိုင်ငံရဲ့ စစ်အင်အားနဲ့ ကာကွယ်ရေး သုတေသန ပြုမှုတွေကို မြှင့်တင်မယ့် ရည်မှန်းချက်တွေကို ပြောသွားကြောင်း နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ပေမယ့် အသေးစိပ်ကိုတော့ မပြောသွားပါဘူး။

//
Up