မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှု ရန်စသည့်လုပ်ရပ်ဖြစ်ဟု အမေရိကန်ပြော

မြောက်ကိုရီးယားရဲ့ မကြာသေးမီက ဒုံးကျည်စမ်းသပ်မှုတွေဟာ ရန်စရာရောက်ပြီး မတည်မငြိမ်ဖြစ်စေတယ်လို့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဝမ်ဒီရှာမာက သတင်းထောက်တွေကို တောင်ကိုရီးယားမြို့တော် ဆိုးလ်မှာ ဇွန် ၈ ရက်က ပြောလိုက်ပါတယ်။
အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန် နိုင်ငံခြားရေး လက်ထောက်ဝန်ကြီးတွေရဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ရှာမာက မြောက်ကိုရီးယားအစိုးရကို ဆွေးနွေးပွဲတွေ ပြန်တက်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
တောင်ကိုရီးယား ဒုနိုင်ငံခြားရေးဝန်ကြီး Cho Hyun-dong ကလည်း အရင်လကစပြီး ကိုဗစ်-၁၉ ကူးစက်ကပ်ဘေးကို ပထမဆုံး ရင်ဆိုင်နေရတဲ့ မြောက်ကိုရီးယားအနေနဲ့ ထောက်ပံ့ကူညီရေး ကမ်းလှမ်းမှုတွေကို လက်ခံဖို့ ဆော်ဩထားပါတယ်။
သက်ဆိုင်ရာနိုင်ငံအသီးသီးက သံတမန်တွေရဲ့ သုံးပွင့်ဆိုင် အစည်းအဝေးဟာ တောင်ကိုရီးယားသမ္မတသစ် မေလမှာ တက်ခဲ့ပြီးတဲ့နောက် ပထမဆုံးကျင်းပတဲ့ အစည်းအဝေးဖြစ်ပြီး မြောက်ကိုရီးယားရဲ့ ပြင်းထန်တဲ့ လက်နက်စမ်းသပ်မှုတွေ ဘယ်လောက် အရေးတကြီးနဲ့ လေးနက်မှုရှိလဲဆိုတာ မီးမောင်းထိုး ပြခဲ့ပါတယ်။
နိုင်ငံတကာ ဒဏ်ခတ်မှုတွေကို လိုက်နာဖို့နဲ့ ဒေသတွင်း မတည်မငြိမ်ဖြစ်စေပြီး တင်းမာမှု မြင့်တက်စေတဲ့ လုပ်ရပ်တွေကို ချက်ချင်းရပ်ဖို့ ဒုဝန်ကြီး ၃ ယောက်က မြောက်ကိုရီးယား အစိုးရကို ပူးတွဲ ကြေညာချက်ထုတ်ပြန် တိုက်တွန်းခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း သူ့ရဲ့ ပထမဆုံး နျူကလီးယားစမ်းသပ်ချက် လုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ တောင်ကိုရီးယားနဲ့ အမေရိကန်အရာရှိတွေက ပြောပါတယ်။ တကယ်လို့ လုပ်ခဲ့ရင် အားကောင်းပြတ်သားတဲ့ တုံ့ပြန်မှုကို ဖြစ်စေလိမ့်မယ်လို့ ရှာမာက ပြောခဲ့ပါတယ်။