close

မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်လျှင် တုံ့ပြန်ရန်အသင့်ရှိဟု အမေရိကန် ပြော

မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်မှု ပြုလုပ်မယ်ဆိုရင် အမေရိကန်၊ တောင်ကိုရီးယားနဲ့ ကမ္ဘာကနေ ခိုင်မာပြတ်သားတဲ့ တုံ့ပြန်မှုရှိလာမှာဖြစ်ကြောင်း အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်းက ဇွန် ၇ ရက်မှာ ပြောလိုက်ပါတယ်။ 

မြောက်ကိုရီးယားက ဇွန် ၅ ရက်က ပစ်လွှတ်လိုက်တဲ့ တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေရဲ့ အတားအဆီးကို တုံ့ပြန်တဲ့အနေနဲ့ ဇွန် ၆ ရက်က တောင်ကိုရီးယားနဲ့ အမေရိကန်တပ်ဖွဲ့တွေဟာ တောင်ကိုရီးယား အရှေ့ဘက်ကမ်းရိုးတန်းကနေ မြေပြင်မှ မြေပြင်ပစ် ဒုံးကျည် ၈ စင်းကို ပစ်ခတ်ခဲ့ပြီးနောက်မှာ ခုလို မှတ်ချက်ပေး ပြောကြားခဲ့တာပါ။ 

“နျူကလီးယားစမ်းသပ်မှုတိုင်းဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို အပြည့်အဝ ချိုးဖောက်ရာရောက်ကြောင်း၊ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီကိုယ်တိုင်က ပြောထားသလို၊ နျူကလီးယားစမ်းသပ်မှု ပြုလုပ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတခု ရှိနေတာကြောင့် ဒီလိုစမ်းသပ်မှုအပေါ် လျင်မြန်ပြီး ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ရှိလိမ့်မှာဖြစ်တယ်။ ဒါဟာ ကမ္ဘာ့လုံခြုံရေးကို အလွန်မတည်မငြိမ် ဖြစ်စေပါလိမ့်မယ်။ တောင်ကိုရီးယားသမ္မတနိုင်ငံနဲ့ အမေရိကန်နဲ့ ဂျပန်တို့သာမက ကမ္ဘာကြီးတခုလုံးက ရှင်းလင်းပြတ်သားစွာ တုံ့ပြန်မယ်လို့ ယုံကြည်ပါတယ်။ ဒါကို ပြင်ဆင်ထားပါတယ်” လို့ ဆိုးလ်မှာ တောင်ကိုရီးယား ဒုနိုင်ငံခြားရေးဝန်ကြီး ချိုဟွန်ဒုံနဲ့ တွေ့ဆုံဆွေးနွေးပြီးနောက်မှာ သတင်းထောက်တွေကို ဝင်ဒီရှားမန်းက ပြောပါတယ်။ 

တောင်ကိုရီးယား ဒုနိုင်ငံခြားရေးဝန်ကြီး ချိုဟွန်ဒုံက “မြောက်ကိုရီးယားအနေနဲ့ နျူကလီယား စမ်းသပ်မှု လုပ်မယ်ဆိုရင် မြောက်ကိုရီးယားအပေါ် ဒဏ်ခတ် အရေးယူမှုတွေ ထပ်လောင်း ထည့်သွင်းဖို့ကို အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ တောင်ကိုရီးယား-အမေရိကန် ကာကွယ်ရေး အနေအထားအတွက် ထပ်လောင်းအစီအမံတွေ လုပ်ဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့ဘူး” လို့  ပြောပါတယ်။

//
Up