close

နှစ် ၂၀ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း အီရန်နှင့် ဗင်နီဇွဲလား သဘောတူ လက်မှတ်ထိုး

အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အီရန်နဲ့ ဗင်နီဇွဲလား နှစ်နိုင်ငံက ခေါင်းဆောင်တွေဟာ အီရန်မြို့တော် တီဟီရန်မှာတွေ့ဆုံပြီး  နှစ် ၂၀ ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းကို ဇွန် ၁၁ ရက်က သဘောတူ လက်မှတ် ထိုးခဲ့ပါတယ်။

လက်မှတ်ထိုးပွဲ အခမ်းအနားကို အီရန်သမ္မတ အီဘရာဟင်မ်ရိုင်စီနဲ့ ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မာဒူရိုတို့က ကြီးကြပ်ပြီး အီရန်မြို့တော် တီဟီရန်မြို့က ဆားဒါဘဒ် နန်းတော်မှာ ကျင်းပခဲ့တာပါ။

ကမ္ဘာ့ထိပ်တန်း ရေနံထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတွေဖြစ်တဲ့  အီရန်နဲ့ ဗင်နီဇွဲလားတို့ဟာ ၂၀၂၀ တည်းက စွမ်းအင်စီမံကိန်းတွေနဲ့ ရေနံဖလှယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ခဲ့တာပါ။

အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကို အာခံတဲ့အနေနဲ့ အီရန်ဟာ ဗင်နီဇွဲလား နိုင်ငံဆီ လောင်စာ အများအပြား ပေးပို့ခဲ့ပါတယ်။

မေလထဲမှာ အီရန်နိုင်ငံပိုင် အမျိုးသား အီရန် ရေနံအင်ဂျင်နီယာဌာနနဲ့ ဆောက်လုပ်ရေး ကုမ္ပဏီ National Iranian Oil Engineering and Construction ဟာ ဗင်နီဇွဲလားနိုင်ငံထဲ တစ်ရက်ကို ရေနံစိမ်းစည် ၁၄၆,၀၀၀ ချက်လုပ် နိုင်တဲ့ ရေနံချက်စက်ရုံကို ပြုပြင်ဖို့ ယူရိုသန်း ၁၁၀ တန်ဖိုးရှိတဲ့ စာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။   

//
Up