မြောင်မြို့နယ် ဧရာဝတီမြစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ရေနစ်သေ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပန်းညိုကျေးရွာမှာ ဇွန် ၁၁ ရက် နေ့လယ် ၁ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးယောက် ဧရာဝတီမြစ်အတွင်း ရေဆင်းချိုးရာမှာ ရေနစ်သေဆုံးသွားတယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့ (CDSOM)က ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ ဇွန်လ ၁၀ ရက် ညနေက ပန်းညိုကျေးရွာကို ဝင်ရောက်လာကာ ညအိပ်ယာယီတပ်စွဲထားကြောင်းသိရပြီး နေ့ခင်းဘက် ကျေးရွာဘေးက ဧရာဝတီမြစ်အတွင်း တပ်ဖွဲ့ဝင်တွေရေဆင်းချိုးရာမှာ တယောက်ရေနစ်လို့ ကျန်နှစ်ယောက်က ကယ်ဆယ်ရင်း သုံးယောက်စလုံး ရေနစ်သေဆုံးသွားတယ်လို့ သိရပါတယ်။
CDSOM အဖွဲ့တာဝန်ရှိသူ ကိုနွေဦးက" စစ်ကြောင်းဝင်လာတဲ့ အဖွဲ့ထဲက သုံးယောက် မြစ်ထဲရေဆင်းချိုးတာ။ တယောက်နစ်လို့ နှစ်ယောက်က ဆယ်ရင်း သုံးယောက်လုံး ဖက်လျက် အသက်ပျောက်သွားတယ်"လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇွန်လ ၁၁ ရက် ညအထိ ပန်းညိုကျေးရွာမှာ တပ်စွဲထားတဲ့အတွက် ကျေးရွာနေပြည်သူအများစုဟာ တိမ်းရှောင်နေကြရပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၈ ရက်ကလည်း ပန်းညိုကျေးရွာရှိ ပြည်သူနေအိမ်တချို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတိုက်ပွဲတစုံတရာဖြစ်ပွားခြင်းမရှိပဲ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ယခုရက်ပိုင်း စစ်ကောင်စီတပ်တွေနဲ့ မြောင်မြို့နယ်က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်တွေက စစ်ကြောင်းနှစ်ကြောင်းခွဲကာ ထိုးစစ်ဆင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။