မန်ယူနှင့် အပြောင်းအရွှေ့ကိစ္စ ဖြေကြားရန် ဖရန့်ကီဒီယောင်း ငြင်းဆို

မန်ယူအသင်းနဲ့ အပြောင်းအရွှေ့ကိစ္စအပေါ် ဖြေကြားဖို့ ဘာစီလိုနာကွင်းလယ်လူ ဖရန့်ကီဒီယောင်း ကငြင်းဆိုသွားပါတယ်။
ဟော်လန်အသင်းက ပိုလန်အသင်းနဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်အပြီးမှာ မန်ယူနဲ့ ထွက်ပေါ်နေတဲ့ အပြောင်းအရွှေ့ကိစ္စနဲ့ ပတ်သက်လို့ ဘာစီလိုနာကမ်းခြေကနေ မန်ချက်စတာယူနိုက်တက်ဆီကို ပြောင်းရွှေ့ဖို့လုပ်ဆောင်နေပြီလားဆိုတဲ့ မေးခွန်းအပေါ် ဖရန့်ကီဒီယောင်းက ဖြေကြားခြင်းမပြုခဲ့တာပါ။
“အဲဒီလိုမဟုတ်ပါဘူး။ ကျနော့်အနေနဲ့ ဘာတစ်ခုမှ ပြောလို့မရနိုင်ပါဘူး”လို့ပဲ ဒီယောင်းက ပြန်လည်ဖြေကြားခဲ့တာပါ။
မန်ယူအသင်းဟာ ဟော်လန်နည်းပြအဲရစ်တန်ဟတ်ဂ်ကို ခေါ်ယူခဲ့ပြီးနောက်မှာ အိုင်းယက်စ်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ဖရန့်ကီဒီယောင်းကိုပါ ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့တာပါ။
မန်ယူအသင်းဘက်က ပေါင် သန်း ၆၀ နဲ့ကမ်းလှမ်းချက်ကို ဘာစီလိုနာအသင်းဘက်က အဖြေမပေးသေးဘဲ အဲဒီထက်ပိုများတဲ့ ပြောင်းရွှေ့ကြေးရဖို့ အလိုရှိနေတယ်လို့သိရပါတယ်။ အသက် ၂၅ နှစ်ရှိ ကွင်းလယ်လူဟာ ၂၀၁၉ ခုနှစ်က အိုင်းယက်စ်ကနေ ပေါင် ၇၇ သန်းလောက်နဲ့ ဘာစီလိုနာကို ပြောင်းရွှေ့ကစားခဲ့တာဖြစ်ပါတယ်။