close

တိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကို ခေါ်ယူရေး လက်နှေးနေသည့် မန်ယူအသင်းကို ပရိသတ်များဝေဖန်

ပေါ်တူဂီကလပ် ဘင်ဖီကာတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကို ခေါ်ယူရေးမှာ လက်နှေးနေတဲ့ မန်ယူအသင်းကို ပရိသတ်တွေက ဝေဖန်နေကြပါတယ်။

အသက် ၂၂ နှစ်ပဲရှိသေးတဲ့ ဥရုဂွေးတိုက်စစ်မှူးဟာ ဘင်ဖီကာမှာ ခြေစွမ်းပြနေပြီး လိဂ်ပွဲစဉ် ၂၈ ပွဲမှာ ၂၆ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။

အစောပိုင်းကတည်းက ယူနိုက်တက်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမဲ့ လက်ရှိအချိန်မှာ လီဗာပူးအသင်းကလည်း ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး သဘောတူညီမှုရတော့မယ့် အခြေအနေတခုကို ပိုင်ဆိုင်ထားပါတယ်။

နူနက်ဇ်ကို ခေါ်ယူရေးမှာ လီဗာပူးအသင်းက ပိုမိုနီးစပ်လာပြီးတဲ့နောက်မှာ မန်ယူအသင်းရဲ့ လက်နှေးနေမှုအပေါ်  မန်ယူပရိသတ်တွေက အားမလိုအားမရ ဖြစ်ခဲ့ကြတာပါ။

မန်ယူအသင်းရဲ့ အပြောင်းအရွှေ့မူဝါဒဟာ အလွန်နှေးကွေးပြီး သနားစရာကောင်းသလို ရယ်စရာလည်း ကောင်းနေတယ်လို့ ပရိသတ်တဦးက ဆိုရှယ်မီဒီယာကနေ ဝေဖန်ခဲ့ပါတယ်။

တခြားမန်ယူပရိသတ်တဦးကလည်း ယူနိုက်တက်အသင်းဟာ ပစ်မှတ်ကစားသမားတွေကို ခေါ်ယူနိုင်ဖို့ အဖြစ်မရှိဘဲ နှစ်စဉ်နှစ်တိုင်းမှာ လွဲချော်မှုတွေ ရှိတဲ့အတိုင်း ဒီနှစ်အပြောင်းအရွှေ့မှာလည်း ပြောင်းလဲမှာမဟုတ်ကြောင်း ဝေဖန်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ လီဗာပူးအသင်းဟာ ဒါဝင်နူနက်ဇ်အတွက် ပေါင် ၈၅ သန်း ပေးချေပြီး ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

//
Up