တိုက်စစ်မှူးသစ်ခေါ်ယူရန် ဘိုင်ယန်မြူးနစ်အသင်း ကြိုးပမ်းနေ

တိုက်စစ်မှူးသစ်ခေါ်ယူနိုင်ဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းနေတယ်လို့ ဘိုင်ယန်မြူးနစ် အားကစားဒါရိုက်တာ ဆာလီဟမ်မစ်ဆစ်က ပြောပါတယ်။
ဘိုင်ယန်ဟာ လီဗာပူးတိုက်စစ်မှူး မာနေးကို ခေါ်ယူနိုင်ဖို့အတွက် ကမ်းလှမ်းချက် နှစ်ကြိမ်စလုံး ပယ်ချခံထားရပေမဲ့ ပစ်မှတ်တခုတည်းကို အာရုံစိုက်ထားတာမဟုတ်ဘဲ နည်းလမ်းပေါင်းစုံ အသုံးပြုပြီး တိုက်စစ်မှူးတွေခေါ်ယူဖို့လုပ်နေတယ်လို့ ဘိုင်ယန်အားကစားဒါရိုက်တာက ပြောပါတယ်။
အားကစားဒါရိုက်တာ ဆာလီဟမ်မစ်ဆစ်က“တိုက်စစ်ပိုင်းအတွက် နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်နေတယ်။ အပြောင်းအရွှေ့ဈေးကွက်မှာ လှုပ်ရှားရတာက လွယ်တော့မလွယ်ကူပါဘူး။ အသင်းရဲ့ဘဏ္ဍာရေးအခြေအနေအပေါ် အမြဲတမ်းမူတည်တယ်။ တခြားအသင်းက ကစားသမားတွေနဲ့ ပတ်သက်လို့ ကျနော် မှတ်ချက်မပေးချင်ဘူး။ သေချာတာကတော့ ကစားသမားတစ်ဦးအပေါ်မှာပဲ အာရုံစိုက်နေတာမျိုးမဟုတ်ဘဲ တိုက်စစ်မြှင့်တင်နိုင်ဖို့ တခြားနည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်နေတယ်ဆိုတာပါပဲ” လို့ ပြောပါတယ်။
ဘိုင်ယန်အသင်းမှာ တိုက်စစ်မှူး လီဝန်ဒေါစကီးက အသင်းပြောင်းမယ်လို့ အတည်ပြုထားလို့ တိုက်စစ်မှူးသစ် မဖြစ်မနေခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။