ရုရှားက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ယူကရိန်း သီးနှံသိုလှောင်ရေးစခန်း ပျက်စီး

ယူကရိန်နိုင်ငံထဲက ပင်လယ်နက်ဆိပ်ကမ်းမြို့ မိုင်ကိုလိုင်ယွန် ရဲ့ ကောက်ပဲသီးနှံ သိုလှောင်ရေး စခန်းဟာ ရုရှားရဲ့ လက်နက်ကြီးနဲ့ တိုက်ခိုက်မှုကြောင့် မီးလောင်နေတဲ့ အပျက်အစီးအဖြစ်ပဲ ကျန်တော့တယ်လို့ ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။
ရုရှားက ပစ်ခတ်ပြီး တပတ်အကြာ ဆိပ်ကမ်းမှာ မီးတောက်နေတဲ့ နေကြာစေ့ အစုလိုက် အပုံလိုက်ကို ဇွန် ၁၂ ရက် က မီဒီယာတွေ ထုတ်ဖော်ပြသခဲ့ပါတယ်။
အပျက်အစီးတွေထဲမှာ မီးအသစ် ထပ်လောင်ခဲ့ရင် မီးငြှိမ်းသတ်ဖို့ မီးသတ်ကား တစ်စီး အသင့်အနေအထားနဲ့ ရပ်ထားရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က ရုရှားရဲ့ ပစ်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ ကုန်လှောင်ရုံတွေမှာ စပါးတန်ချိန် ၃ သိန်းအထိ သိုလှောင်ထားနိုင်တယ်လို့ စိုက်ပျိုးရေးလက်ထောက်ဝန်ကြီး တာရတ်စ် ဝစ်ဆော့စကီက ဇွန် ၁၁ ရက် မှာ ပြောခဲ့ပါတယ်။
မိုင်ကိုလိုင်ယွန်မြို့ဟာ ယူကရိန်းရဲ့ အကြီးဆုံး စိုက်ပျိုးရေး ကုန်စည် ဂိတ်ရှိရာ နေရာပါ။ ဖေဖော်ဝါရီ ၂၄ ရက် စစ်ပွဲစချိန်က ဒီမြို့ရဲ့ ကုန်လှောင်ရုံတွေထဲမှာ ကောက်ပဲသီးနှံ တန်ချိန် ၂ သိန်းခွဲကနေ ၃ သိန်း အထိ သိုလှောင်ထားတယ်လို့ ဝစ်ဆော့စကီက ပြောခဲ့ပါတယ်။