close

အိန္ဒိယနိုင်ငံတဝန်း ဆန္ဒပြပွဲပါသူများကို လိုက်လံဖမ်းဆီး

အိန္ဒိယနိုင်ငံတဝန်းမှာ ဒီရက်ပိုင်း ပေါ်ပေါက်ခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်သူတွေကို ရဲက ရုန်းရင်းဆန်ခတ်ဖြစ်အောင် လုပ်ဆောင်မှု၊ အများပြည်သူ ပစ္စည်းတွေကို ဖျက်ဆီးမှု စွပ်စွဲချက်တွေနဲ့  လိုက်လံ ဖမ်းဆီးနေပါတယ်။ 

အိန္ဒိယအစိုးရ ပြောခွင့်ရသူ တယောက်က တမန်တော် မိုဟာမက်ကို စော်ကားတဲ့ မှတ်ချက်ပေးခဲ့တဲ့ နောက်ပိုင်း အိန္ဒိယနိုင်ငံတဝှမ်းမှာ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတာပါ။

ဇွန် ၁၀ ရက်က  နိုင်ငံမြောက်ပိုင်းက စာဟာရန်ပါ မြို့ လမ်းပေါ် ဆန္ဒပြပွဲတခုမှာ အဓိကရုဏ်း ဖြစ်ခဲ့ပြီးနောက် အနည်းဆုံး လူ ၁၇ ယောက်ကို ရဲက ဖမ်းဆီးထားပြီး  ဆန္ဒပြပွဲမှာ ပါဝင်သူတွေတချို့ရဲ အိမ်တွေကိုလည်း ကျူးကျော်တွေလို့ ဆိုပြီး ဖြိုချလိုက်ပါတယ်။ 

ဒါပေမယ့် ဆန္ဒပြပွဲတွေဟာ အနောက်ဘန်ဂေါ ပြည်နယ်ထဲမှာ ဆက်ရှိနေပါတယ်။ ဒီလ အစောပိုင်းမှာ အာဏာရ  ဟိန္ဒူအမျိုးသားရေးဝါဒီအခြေပြု ဘီဂျေပီ ပါတီရဲ့ ပြောခွင့်ရသူ Nupur Sharma နဲ့ Jindal တို့ဟာ တမန်တော် မိုဟာမက်ရဲ့ ဘဝဖြစ်စဉ်နဲ့ ပတ်သက်လို့ အငြင်းပွားဖွယ်ရာ မှတ်ချက်ပေးခဲ့လို့ အိန္ဒိယနိုင်ငံထဲမှာ သာမက၊ တခြား မွတ်စလင် နိုင်ငံတွေကပါ ဒေါသထွက်ခဲ့ကြပါတယ်။ 

နောက်ပိုင်းမှာ ပြောရေး ဆိုခွင့်ရှိသူ ၂ ယောက်ကို အစိုးရက ရာထူးကနေ ဆိုင်းငံ့လိုက်ပေမယ့် ဆန္ဒပြပွဲတွေက အိန္ဒိယ နိုင်ငံတဝှမ်းမှာ ဆက်လက်ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။

အခုအချိန်အထိ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်သူ အယောက် ၇၀ ကို ဖမ်းဆီးထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

ဒီ အငြင်းပွားဖွယ် မှတ်ချက်ဂယက်ကြောင့် ကာတာ၊ ဆော်ဒီအာရေးဗီးယား၊ ယူအေအီး၊ အိုမန်၊ အီရန်နိုင်ငံတွေမှာလည်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး ဘီဂျေပီပါတီ ခေါင်းဆောင်တွေက ပါတီ ထဲက တာဝန်ရှိတဲ့ သူတချို့ကိုလည်း အများပြည်သူရှေ့မှာ စကားပြောတဲ့အခါ ဆင်ဆင်ခြင်ခြင်နဲ့ အထူးသတိထားဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ထားရပါတယ်။

//
Up