close

မြေပုံမြို့နယ်တွင် မိုင်းနင်းမိပြီး စစ်ဘေးရှောင် ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် စညှင်းစစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင်နှစ်ယောက် ဇွန်လ ၁၄ ရက်မနက်က  မျှစ်သွားခူးစဉ်  မိုင်းနင်းမိလို့  တယောက်သေဆုံးကာ တယောက် ဒဏ်ရာရရှိခဲ့တယ်လို့  စညှင်းကျေးရွာ အုပ်ချုပ်ရေးမှူးကပြောပါတယ်။

မိုင်းနင်းမိသူတွေကတော့  ၃၅ နှစ်အရွယ် ဦးမောင်တင်သန်းနဲ့ အသက် ၂၉ နှစ်အရွယ် ကိုမောင်ကြည်ဝင်းတို့ဖြစ်ပြီး  ဦးမောင်တင်သန်းမှာ ​မိုင်းထိဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့ပါတယ်။

စညှင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ရွှေသိန်းက “မိုင်းထိတာက ဒီနေ့ မနက်ပိုင်း ၁၀ နာရီလောက်မှာဖြစ်တယ်။ သူတို့နှစ်ယောက်က တောင်ပေါ်ချောင်းဆိုတဲ့နေရာမှာ ဟင်းစာ မျှစ်သွားခူးကြတာ။ အဲ့ဒါမှာ မိုင်းနင်းမိတာဖြစ်တယ်။ ကိုမောင်တင်သန်းကတော့ ခြေနှစ်ဖက်စလုံးထိသွားတယ်။ ဝမ်းဗိုက်တွေလည်းထိပြီး အဲဒီနေရာမှာ သေသွားတာဖြစ်တယ်။ ကိုမောင်ကြည်ဝင်းကတော့ လက်နဲ့ ဝမ်းဗိုက်တွေမှာ ဒဏ်ရာနည်းနည်းရသွားတယ်။သူကိုတော့ ဒဏ်ရာကနည်းတာကြောင့် ရွာက ကျန်းမာရေးဌာနမှပဲ ကုသနေတယ်။ သေဆုံးသွားသူကိုတော့ မနက်ဖြန်မှ သင်္ဂြိုဟ်သွားမှာဖြစ်တယ်”လို့ ပြောပါတယ်။

အခု မိုင်းထိတဲ့ တောင်တန်းမှာ စညှင်းချောင်းအထက်ဘက် တောင်ပေါ်ချောင်းဆိုတဲ့နေရာဖြစ်ပြီး ရွာနဲ့ ၃ မိုင်လောက် အကွာဝေးမှာဖြစ်တာလို့ ရွာသားတွေက ဆိုပါတယ်။ အဲဒီတောင်တန်းမှာ စစ်တပ်က တပ်စွဲထားပါတယ်။

ပြီးခဲ့တဲ့  မေလ ၂၉ ရက်ကလည်း ပလက်ဝဒေသခံ လူငယ်တယောက် မိုင်းပေါက်ကွဲမှုကြောင့် ခြေထောက် ဆုံးရှုံးခဲ့ရသလို မေလ ၃၁ ရက်မှာလည်း ကျောက်တော်မြို့နယ်၊ ရုပ်သားကျေးရွာက  အမျိုးသမီး တယောက် သေဆုံးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကစပြီး ရခိုင်ပြည်နယ်မှာ မိုင်းပေါက်ကွဲမှုကြောင်း သေဆုံးဒဏ်ရာရသူ ၂၀၀ လောက်ရှိခဲ့တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စာရင်းတွေအရသိရပါတယ်။

//
Up