close

ရွေးကောက်ပွဲလိမ်လည်မှုစွပ်စွဲချက် အခြေအမြစ်မရှိဟု အကြံပေးပုဂ္ဂိုလ်က ပြောခဲ့သော်လည်း ဒေါ်နယ်ထရမ့်က နားမထောင်ခဲ့ဟုဆို

ရွေးကောက်ပွဲလိမ်လည်မှု စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိတဲ့အကြောင်း သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ ထိပ်တန်းအကြံပေးပုဂ္ဂိုလ်တွေက ပြောခဲ့ပေမဲ့ ထရမ့်က နားထောင်ဖို့ ငြင်းခဲ့တယ်လို့ အမေရိကန်လွှတ်တော်အဆောက်အဦ အဓိကရုဏ်းဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မတီရဲ့ ဇွန် ၁၃ ရက် ကြားနာပွဲ စစ်ချက်အရ သိရပါတယ်။

နိုဝင်ဘာလ ရွေးကောက်ပွဲ ရှုံးနိမ့်ပြီးတဲ့နောက် ပေါ်ထွက်လာတဲ့ စွပ်စွဲချက် အများအပြားဟာ အကျိုးမရှိဘူးလို့ ထရမ့်ကို ပြောခဲ့ကြတယ်လို့ ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့နဲ့ ထရမ့်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ထဲမှာ အလုပ်လုပ်နေတဲ့ အရာရှိတွေက စုံစမ်းစစ်ဆေးရေး ကော်မတီကို ပြောခဲ့ကြတာပါ။

ရွေးကောက်ပွဲမှာ ထရမ့်ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မှာ မဲအတုတွေပါတဲ့  "သံသယဖြစ်စရာ သေတ္တာ"၊ ပင်ဆယ်ဗေးနီးယားပြည်နယ်ဆီ မဲတွေကိုသယ်လာတဲ့ ထရပ်ကား၊ အရီဇိုးနားပြည်နယ်ထဲမှာ ကွန်ပျူတာချစ်ပ်တွေကို မဲပေးစက်တွေထဲ လဲထည့်တယ် စတဲ့ အစီရင်ခံစာတွေ ပေါ်ထွက်ခဲ့တာပါ။

သူနဲ့ အဆက်အသွယ်ပြတ်နေတဲ့ ဒီအချက်တွေကို သူတကယ်ယုံကြည်ရင် သူတကယ်လက်တွေ့ကနေ ကင်းကွာနေပြီလို့ ထရမ့်ရဲ့ ရှေ့နေချုပ်လည်းဖြစ်ပြီး သစ္စာခံလို့ ကာလကြာရှည် သိထားကြတဲ့ ဝီလျံ ဘားက ရုပ်သံစစ်ချက်ထဲမှာ ပြောပါတယ်။

မဲလိမ်မှုစွဲချက်တွေဟာ ရူးမိုက်တဲ့ကိစ္စနဲ့ ကလိမ်ကလည် ပြောစကားတွေလို့လည်း သူက ဗြောင်ကျကျ ပြောဆိုခဲ့ပါတယ်။

တနင်္လာနေ့ ကြားနာပွဲဟာ ထရမ့်က သူ့ဝန်ထမ်းတွေရဲ့ အကြံပြုချက်ကို လျစ်လျူရှုခဲ့သလားဆိုတာ ဖော်ထုတ်မှုလုပ်ဖို့ ကြိုးစားထားတာပါ။

ထရမ့်က ၂၀၂၀ သမ္မတရွေးကောက်ပွဲဟာ သူ့ဆီက မဲခိုးယူထားတာလို့ အခိုင်အမာပြောရင်း သူ့ကိုထောက်ခံသူတွေ လွှတ်တော်ဆီ ချီတက်ကြဖို့ အားပေးခဲ့ပါတယ်။

ထရမ့်ဟာ သူအမှားမလုပ်ထားဘူးလို့ ငြင်းရင်း ရွေးကောက်ပွဲမရှုံးဘူးလို့ ထပ်ခါတလဲလဲ အခိုင်အမာ ပြောဆိုခဲ့ပေမဲ့ စုံစမ်းစစ်ဆေးရေးကော်မတီကလည်း နိုင်ငံရေးပယောဂတခုအဖြစ် ပြောဆို ပယ်ချခဲ့ပါတယ်။

//
Up