close

ကမ္ဘောဒီးယားအစိုးရက အတိုက်အခံ ၆၀ ခန့်ကို ထောင်ဒဏ်ချမှတ်

ကမ္ဘောဒီးယားနိုင်ငံမှာ ထင်ရှားတဲ့ရှေ့နေထယ်ရီဆင်း အပါအဝင် အတိုက်အခံ အယောက် ၆၀ လောက်ကို သစ္စာဖောက်ဖို့ ပူးပေါင်းကြံစည်မှုအတွက် ကမ္ဘောဒီးယားတရားရုံးကနေ  ဇွန် ၁၄ ရက်မှာ  ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။

ဒီအစုလိုက်အပြုံလိုက် တရားစီရင်မှုကို နိုင်ငံရေးအရ အကွက်ရွှေ့မှုအဖြစ် အမေရိကန်နဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ရှုတ်ချခဲ့ပါတယ်။

ထယ်ရီဆင်းက လွတ်လပ်ရေးရုပ်တုလို ဝတ်ဆင်ပြီး တရားရုံးကို ရောက်လာချိန်မှာ သူ့ကို အပြစ်ရှိကြောင်း စီရင်မယ်လို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။

သူ့အပေါ်စီရင်ချက်ဟာ တရားမျှတမှုကို နှစ်သက်တဲ့၊ လွတ်လပ်မှုကို နှစ်သက်တဲ့၊ စစ်မှန်တဲ့ ဒီမိုကရေစီကို မြတ်နိုးသူ ကမ္ဘောဒီးယား နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်လိမ့်မယ်လို့ သူက ထပ်ပြောခဲ့ပါတယ်။

စီရင်ချက်ကို ကြေညာအပြီး ထယ်ရီဆင်းကို တရားရုံးအပြင်မှာ ရပ်ထားတဲ့ ရဲပစ်ကပ်ကားပေါ် အတင်းတွန်းတင်ခဲ့လို့ အရာရှိတွေနဲ့ ထောက်ခံသူတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

သူ့ဝတ်စားပုံကြောင့် တရားရုံးထဲကို ဝင်ခွင့်မရခဲ့ဘူးလို့ ရိုက်တာသတင်းဌာနရဲ့ မျက်မြင်သက်သေက ပြောပါတယ်။ သူဟာ အယူခံဝင်ဖို့ စဉ်းစားမယ်လို့ ရှေ့နေက ပြောပါတယ်။

သူနဲ့ တခြား ခုခံလျှောက်လဲသူ အမှုတွဲတွေဟာ ထောင်ဒဏ် ၅ နှစ်ကနေ ၈ နှစ်ကြား ပြစ်ဒဏ်စီရင်ခံရတယ်လို့လည်း ပြောပါတယ်။

ကမ္ဘောဒီးယားရဲ့ ဝါရင့်ဝန်ကြီးချုပ် ဟွန်ဆန်က သူ့အုပ်ချုပ်မှုကို နှစ်ပေါင်းများစွာ ဆန့်ကျင်တဲ့ အတိုက်အခံတွေကို ရှင်းထုတ်တာလို့ ဝေဖန်သူတွေက ပြောသလို နိုင်ငံတကာကလည်း စိုးရိမ်နေတာပါ။

အခုလိုစီရင်ချက်ဟာ ဒီစိုးရိမ်ချက်ကို အသစ်ပြန်ဖြစ်လာစေလိမ့်မယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ ဟွန်ဆန်ကတော့ အတိုက်အခံတွေကို နှိပ်ကွပ်တယ်ဆိုတဲ့ စွဲချက်ကို ငြင်းဆိုထားပါတယ်။

//
Up