close

ဆွီဒင် နေတိုးအဖွဲ့ဝင်ဖြစ်‌ရေး အရေးပါသည့် ခြေလှမ်းများ စလှမ်းနေပြီဟု နေတိုးအကြီးအကဲ ပြော

ဆွီဒင်နိုင်ငံရဲ့ နေတိုးအဖွဲ့ဝင်အဖြစ် လျှောက်ထားချက် အတည်ပြုရေးအတွက် တူရကီရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းဖို့ ဆွီဒင်ဟာ အရေးကြီးတဲ့ ခြေလှမ်းတရပ် ချခဲ့ပြီးပြီလို့ နေတိုးအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် ယန်းစတော့တန်ဘာ့ဂ်က ဇွန် ၁၃ ရက်မှာ ပြောလိုက်ပါတယ်။

ရုရှားက ယူကရိန်းအပေါ် ကျူးကျော်မှုကြောင့် ဆွီဒင်နဲ့ ဖင်လန်တို့ဟာ မြောက်အတ္တလန္တိတ်စစ်ရေးမဟာမိတ် (နေတိုး) အဖွဲ့ထဲဝင်ဖို့ အရင်လက လျှောက်ထားခဲ့တာပါ။

ဒါပေမဲ့ တူရကီကို လက်နက်တင်ပို့ခွင့်လိုင်စင် ရုပ်သိမ်းဖို့ အရင်ကဆုံးဖြတ်ချက်နဲ့ ကာဒစ် စစ်သွေးကြွတွေကို ဆွီဒင်ရဲ့ထောက်ပံ့မှုတို့ကြောင့် ဒေါသထွက်နေတဲ့ တူရကီရဲ့ ကန့်ကွက်မှုကို မမျှော်လင့်ဘဲ ရင်ဆိုင်ခဲ့ရပါတယ်။

“ဆွီဒင်ဟာ သူ့ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို စပြီး ပြောင်းလဲနေပြီ။ မဟာမိတ်တွေအတွက် ကတိအသစ်တွေနဲ့ နေတိုးအဖွဲ့ဝင် တနိုင်ငံဆိုတဲ့ အနာဂတ် အခြေအနေကို ထင်ဟပ်စေမယ့် လက်နက် ပြည်ပတင်ပို့ရေး ဥပဒေမူဘောင်ကိုလည်း သေချာအောင်လုပ်မှာဖြစ်လို့ ကျနော်ကြိုဆိုတယ်” လို့ စတော့တန်ဘာ့ဂ်က ဆွီဒင်ဝန်ကြီးချုပ်နဲ့အတူ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

ဒါဟာ တူရကီရဲ့ စိုးရိမ်ချက်ကို ဖြေရှင်းလိုက်တဲ့ အရေးပါတဲ့ ခြေလှမ်းနှစ်ရပ်ပဲလို့လည်း သူက ဆက်ပြောပါတယ်။

ဆွီဒင်ဝန်ကြီးချုပ်ကလည်း ဆွီဒင်ဟာ အကြမ်းဖက်မှုဆိုင်ရာ ဥပဒေတွေကို ပြင်ဆင်လိုက်ပြီး နောက်ထပ်တင်းကျပ်မယ့် လုပ်ငန်းစဉ်တွေ ဆက်လုပ်နေတယ်လို့ ပြောပါတယ်။

“ဇူလိုင် ၁ ရက်ကစပြီး အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး ပိုအားကောင်းတဲ့ ဥပဒေတွေ ကျနော်တို့မှာ ရှိလာတော့မယ်။ ဒါကြောင့် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ကျနော်တို့ ထည့်ဝင်အားထုတ်ဖို့ လိုလားချက်နဲ့ အကြမ်းဖက်ဝါဒအပေါ် ဆွီဒင်က ဘယ်လောက် အားကောင်းကောင်း ရှုမြင်တယ်ဆိုတာ မေးခွန်းထုတ်စရာ မရှိတော့ပါဘူး။”

ဆွီဒင်နဲ့ ဖင်လန်တို့ နေတိုးအဖွဲ့နဲ့ အမြန်ဆုံးပူးပေါင်းရေး ရည်မှန်းထားပြီး တကယ်လို့ ဆွီဒင် တိုက်ခိုက်ခံရရင် ဆွီဒင်ကိုကာကွယ်ဖို့ နေတိုးတပ်တွေ လာမှာမဟုတ်ဘူးလို့ စိတ်ကူးလို့တောင် မရဘူးလို့ နေတိုးအတွင်းရေးမှူးချုပ် စတော့တန်ဘာ့ဂ်က ပြောခဲ့ပါတယ်။

//
Up