close

အစ္စရေးနိုင်ငံရှိ မြို့ တမြို့ကို ပါလက်စတိုင်းစစ်သွေးကြွများ ဒုံးကျည်ဖြင့် ပစ်ခတ်

ပါလက်စတိုင်းစစ်သွေးကြွတွေဟာ ဇွန် ၁၈ ရက်က အစ္စရေးနိုင်ငံတောင်ပိုင်းရှိ မြို့တမြို့ကို ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့ပါတယ်။ 

ပစ်ခတ်ခံရတာကြောင့် အစ္စရေးဘက်က အသေအပျောက် မသိရသေးဘဲ အစ္စရေးကတော့ ဒါဟာ ဂါဇာကို ထိန်းချုပ်ထားတဲ့ ဟားမတ်စ် - အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့က ဒုံးကျည်ကို ပစ်လွှတ်ခဲ့တာလို့ ပြောပါတယ်။ 

ဟားမတ်စ်အဖွဲ့ဆီက ချက်ခြင်းတုံ့ပြန်မှု မရှိသလို နယ်မြေအတွင်း တခြားစစ်သွေးကြွ အဖွဲ့တွေဆီကလည်း တာဝန်ရှိကြောင်း ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့ပါဘူး။

“ဒုံးကျည်တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့က ဂါဇာကမ်းမြောင်မှာရှိတဲ့ ဟားမတ်စ်အကြမ်းဖက်ပစ်မှတ်တွေကို အစ္စရေးကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့တယ်” လို့ အစ္စရေးစစ်တပ်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်း စစ်သွေးကြွတွေဟာ ၁၁ ရက်ကြာ စစ်ပွဲဆင်နွှဲခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလက တည်းက အစ္စရေး-ဂါဇာ နယ်စပ်က အတော်လေး ငြိမ်သက်သွားခဲ့တာပါ။

ဇွန် ၁၈ ရက်က နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုဟာ ပိုကျယ်ပြန့်နိုင်ကြောင်း လက္ခဏာမပြပေမဲ့ အနောက်ဘက်ကမ်းနဲ့ အစ္စရေးမှာတော့ လတ်တလောလတွေအတွင်း အကြမ်းဖက်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ 

ဇွန် ၁၇ ရက်ကတော့ အစ္စရေးရဲ့လမ်းမတွေပေါ်မှာ လူအသေအပျောက်များတဲ့ လမ်းပေါ် တိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ ပါလက်စတိုင်း သေနတ်သမား ၃ ဦးကို အစ္စရေးတပ်ဖွဲ့ဝင်တွေက အနောက်ဘက်ကမ်းရှိ ဂျယ်နင်းမြို့မှာ သတ်ဖြတ်ခဲ့ပါတယ်။ 

အရှေ့ဘက် ဂျေရုဆလင်၊ အနောက်ဘက်ကမ်းနဲ့ ဂါဇာကမ်းမြောင်တို့မှာ ပါလက်စတိုင်းနိုင်ငံ ထူထောင်ဖို့ ရည်ရွယ်တဲ့ အမေရိကန်ကြားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ ၂၀၁၄ ခုနှစ်မှာ ပျက်ပြားခဲ့ရပြီး ပြန်စတင်နိုင်မယ့် အရိပ်အယောင် မတွေ့ရသေးပါဘူး။ 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ဇူလိုင်လမှာ အဲဒီဒေသကိုလာရောက်မယ့် ခရီးစဉ်အတွင်း အစ္စရေးနဲ့ ပါလက်စတိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ မျှော်လင့်ထားပါတယ်။

//
Up