close

ယူကရိန်းအတွက် ဒုံးကျည်ပို့ပေးပါက ပစ်မှတ်သစ်များကို ထပ်မံတိုက်ခိုက်မည်ဟု ရုရှားသမ္မတပြော

အမေရိကန်ပြည်ထောင်စုက ယူကရိန်းအတွက် တာဝေးပစ်ဒုံးကျည်တွေကို ပို့ပေးမယ်ဆိုရင် ရုရှားဘက်ကလည်း ယူကရိန်းနိုင်ငံထဲက ပစ်မှတ်အသစ်တွေကို ဦးတည် တိုက်ခိုက်သွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဇွန် ၅ ရက်က ခြိမ်းခြောက်ပြောသွားပါတယ်။

“အမေရိကန်က ယူကရိန်းကို လက်နက်တွေ လွှဲပေးလိုက်တာနဲ့ ရုရှား ဘက်ကလည်း ဆုံးဖြတ်ချက်ချရတော့မယ်။ အရင်က မပစ်ခဲ့တဲ့ ပစ်မှတ်တွေကို တိုက်ခိုက်သွားမယ်”လို့ ပူတင်က Rossiya-1 သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောပါတယ်။ 

ယူကရိန်းစစ်တပ်မှာ နဂိုကတည်းက တာဝေးပစ် လက်နက်တွေ ရှိပြီးသားဖြစ်လို့၊ အမေရိကန်ဘက်ကထပ်ပြီး ပို့ပေးလို့လည်း  အခြေအနေက ဘာမှ ထူးလာမှာ မဟုတ်ဘဲ၊ ပဋိပက္ခ ပိုပြီး ရှည်ကြာစေမယ်လို့ ပူတင်က ပြောပါတယ်။ 

အရင်တပတ် မေ ၃၁ ရက်က သမ္မတ ဂျိုးဘိုင်ဒင်က ယူကရိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၇၀၀ တန်ဖိုးရှိတဲ့ လက်နက်တွေကို ပို့ပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။  ဒီထဲမှာ M142 အမျိုးအစား တာဝေးပစ် ရောကတ်ဒုံးကျည် စနစ်လည်း ပါဝင်ပါတယ်။

ယူကရိန်းက ပင်လယ်နက်ကို ကာကွယ်ဖို့ ရေတပ်သင်္ဘောပစ် ဒုံးကျည်တွေကို ဒိန်းမတ်၊ ဗြိတိန်၊ နယ်သာလန်တို့က ပို့ပေးထားတယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာ ထားပါတယ်။  တခြားနိုင်ငံတွေက လက်နက်တွေ ထပ်ရောက်လာဖို့ ရှိသေးတယ်လို့လည်း ပြောပါတယ်။ 

ရုရှားသမ္မတ ပူတင်ဟာ မေ ၂၈ ရက်က ဥရောပ ခေါင်းဆောင်တွေနဲ့ တယ်လီဖုန်းကနေ တဆင့် ဆက်သွယ်စကားပြောခဲ့ပြီး ယူကရိန်းအတွက် လက်နက်တွေ ပံ့ပိုးပေးနေတာဟာ စစ်ရေး အခြေအနေကို ပိုဆိုးစေလိမ့်မယ်ဆိုပြီး ဝေဖန်ထောက်ပြခဲ့ပါတယ်။

//
Up