ဝါရှင်တန်ဒီစီက ဂီတဖျော်ဖြေပွဲတွင် ပစ်ခတ်မှုဖြစ်ပြီး လူငယ် ၁ ဦး သေဆုံး

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော်မှာ ဇွန် ၁၉ ရက်ကကျင်းပတဲ့ ဂီတဖျော်ဖြေပွဲအတွင်း ပစ်ခတ်မှုဖြစ်ပွားပြီး ဆယ်ကျော်သက် တယောက် သေဆုံးကာ ရဲအရာရှိတယောက်အပါအဝင် လူသုံးယောက် ဒဏ်ရာရခဲ့ပါတယ်။
ဘားတွေနဲ့ စားသောက်ဆိုင်တွေ ထူထပ်တဲ့ ၁၄ လမ်းနဲ့ ယူလမ်း လမ်းဆုံမှာ ညနေပိုင်းက ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။ သံသယရှိသူကို ဖမ်းထားပြီလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ရဲချုပ် ရောဘတ် ကွန်တေ သရီးက “သာယာလှပတဲ့ရာသီဥတုကို ခံစားချင်သူတွေ၊ အဖေများနေ့ကို ပျော်ပျော်ပါးပါး ဖြတ်သန်းချင်သူတွေအတွက် ဒီလိုမျိုး အဖြစ်အပျက်တွေမှာ တရားမဝင် လက်နက်တွေက လူတွေ လက်ထဲရောက်နေတာ မလုံခြုံဘူး။ ဒါက လက်မခံနိုင်စရာပဲ”လို့ ပြောပါတယ်။
မိုးချယ်လာလို့ ခေါ်တဲ့ ခွင့်မပြုထားတဲ့ ဂီတဖျော်ဖြေပွဲမှာ ပစ်ခတ်မှု ဖြစ်ခဲ့တာလို့ ရဲက ပြောပါတယ်။ ပစ်ခတ်မှု မစခင်က အဲဒီနေရာမှာ လူတယောက်ဆီကနေ သေနတ်တလက် သိမ်းယူ ရရှိခဲ့ပါတယ်။
ဒဏ်ရာရသူ တယောက်ဆီကနေ သူပိုင်တဲ့ နောက်ထပ် သေနတ်တလက်ကို တွေ့ခဲ့တယ်လို့ ရဲက ပြောပါတယ်။
ဒါပေမဲ့ ပစ်ခတ်ချိန်မှာ သုံးတဲ့ သေနတ်ကို ပြန်မသိမ်းနိုင်ခဲ့ကြောင်းနဲ့ ဒဏ်ရာရသူတွေ အခြေအနေ တည်ငြိမ်တယ်လို့ ရဲက ပြောပါတယ်။