ဝင်ဘယ်ဒန်ဖလားကို ၄ ကြိမ်မြောက်ရယူနိုင်ရန် နိုဗက်ဂျိုကိုဗစ် စိတ်အားထက်သန်နေ

လက်ရှိ ကမ္ဘာ့နံပါတ်တစ် တင်းနစ်ချန်ပီယံ နိုဗက် ဂျိုကိုဗစ်ဟာ စတုတ္ထမြောက် ဝင်ဘယ်ဒန် ဖလားကို ရယူဖို့ အလွန်စိတ်အားထက်သန်နေတယ်လို့ပြောပါတယ်။
ဝင်ဘယ်ဒန် ဖလားဟာ ဒီနှစ်ထဲမှာ သူ့အတွက် နောက်ဆုံး မျှော်လင့်နိုင်တဲ့ ဂရင်းဆလန်း ချန်ပီယံ ဖလားလည်း ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။
ဆားဗီယား နိုင်ငံသားတင်းနစ် အကျော်အမော်ဟာ ကိုဗစ် -၁၉ ကာကွယ်ဆေး မထိုးထားတာကြောင့် သြစတြေးလျအိုးပင်းမှာ ဝင်ပြိုင်ခွင့်မရခဲ့ဘဲ၊ ယူအက်အိုးပင်းကလည်း ဝင်ပြိုင်ခွင့် ပေးမှာ မဟုတ်ပါဘူး။
ဒီလို အခြေအနေနဲ့ ကြုံနေရတဲ့ ဂျိုကိုဗစ်အတွက် ဂရင်းဆလန်းဖလားအများဆုံး စံချိန်တင်ဖို့ မျှော်လင့်ချက်ကို ထိခိုက်နေပါတယ်။
လက်ရှိ ဂရင်းဆလန်းဖလား အများဆုံး ရရှိထားတဲ့ ချန်ပီယံက ရာဖေး နာဒယ်လ်ဖြစ်ပြီး၊ ဖလား ၂၂ လုံးရရှိထားကာ ဂျိုကိုဗစ်က ဖလား အလုံး ၂၀ ပဲ ရရှိထားတာပါ။
သြစတြေးလျ အိုးပင်က ဂျိုကိုဗစ်အတွက် စည်းကမ်းမလျော့ခဲ့သလို၊ ယူအက်စ်အိုးပင်းကလည်း ခြွင်းချက်မပေးခဲ့ရင် အင်္ဂလန်မှာကျင်းပမယ့် ဝင်ဘယ်ဒန်ပြိုင်ပွဲဟာ ဂျိုကိုဗစ်အတွက် နောက်နှစ် ပြင်သစ်အိုးပင်း မတိုင်ခင် နောက်ဆုံး ယှဉ်ပြိုင်ခွင့်ရမယ့် ဂရင်းဆလန်း ပြိုင်ပွဲ ဖြစ်လာပါလိမ့်မယ်။