မာနေးကို ခေါ်ယူပေးပါက သက်တမ်းတိုးမည်ဟု ဘာစီလိုနာကို မက်ဆီ ကမ်းလှမ်းခဲ့ဖူး

တိုက်စစ်မှူးမက်ဆီဟာ ဘာစီလိုနာမှာရှိစဉ်တုန်းက မားနေကို ခေါ်ယူပေးမယ်ဆိုရင် သက်တမ်းတိုးမယ်လို့ အသင်းကို ကမ်းလှမ်းခဲ့ဖူးတယ်လို့ သိရပါတယ်။
ဒီသတင်းကို မားနေးရဲ့အေးဂျင့်ဖြစ်သူ ဘက်ကာရီဆစ်ဆေးက စပိန်မီဒီယာ RMC Sport နဲ့ အင်တာဗျူးမှာ ဝန်ခံပြောကြားခဲ့တာပါ။
မက်ဆီဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က ဘာစီလိုနာနဲ့ သက်တမ်းတိုးဖို့စီစဉ်ခဲ့ပေမဲ့ အထမမြောက်ခဲ့ဘဲ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ခဲ့တာပါ။
အသင်းမပြောင်းရွှေ့ခင် အဲဒီအချိန်က လီဗာပူးမှာ ကစားနေတဲ့ မာနေးနဲ့ အာဂျင်တီးနား ဗဟိုနောက်ခံလူတစ်ဦးကို ခေါ်ယူပေးမယ်ဆိုရင် စာချုပ်သက်တမ်းတိုးမယ်လို့ ဘာစီလိုနာအသင်း တာဝန်ရှိသူတွေကို ကမ်းလှမ်းခဲ့ကြောင်း ဘက်ကာရီဆစ်ဆေးက ပြန်လည်ပြောပြခဲ့တာပါ။
မာနေးရဲ့အေးဂျင့်ဖြစ်သူ ဆစ်ဆေးက “ပြီးခဲ့တဲ့နှစ်တုန်းက ဘာစီလိုနာနဲ့လည်း အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ နီးစပ်ခဲ့သေးတယ်။ ဒါက လီယွန်နယ်မက်ဆီကို စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးချိန်မှာ သူက မာနေးကို ခေါ်ယူပေးဖို့ တောင်းဆိုခဲ့တယ်။ မက်ဆီက ကစားသမား နှစ်ဦးအမည်ကို ပြောခဲ့ပြီး ဆာဒီယိုမာနေးနဲ့ အာဂျင်တီးနား ဗဟိုနောက်ခံလူတစ်ယောက်ပဲ”လို့ ပြောပါတယ်။
မာနေးကို ပီအက်စ်ဂျီအသင်းကလည်း ခေါ်ယူလိုခဲ့ပေမဲ့ အရာရှိချုပ်ဖြစ်သူ လီအန်ဒရိုက အသင်းကနေ ထွက်ခွာသွားတာကြောင့် အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့တာလို့ ဆိုပါတယ်။
အခုနှစ်မှာတော့ မာနေးက ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ်။