စတာလင်ကို ခေါ်ယူရန် ချဲလ်ဆီးအသင်း တရားဝင်ကမ်းလှမ်း

ချဲလ်ဆီးအသင်းဟာ မန်စီးတီးတိုက်စစ်ကစားသမား စတာလင်ကိုခေါ်ယူဖို့ တရားဝင်ကမ်းလှမ်းမှု ပြုလုပ်ထားတယ်လို့ သိရပါတယ်။
ချဲလ်ဆီးနည်းပြတူချယ်ဟာ စတာလင်နဲ့ပုဂ္ဂိုလ်ရေးအရ ဆွေးနွေးမှုတွေရှိခဲ့ပြီး အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မှုတွေရခဲ့တယ်လို့ ဆိုပါတယ်။
အသင်းဘက်ကလည်း မန်စီးတီးအသင်းဆီကို တရားဝင်ကမ်းလှမ်းခဲ့တာကြောင့် အခုတစ်ပတ်အတွင်းမှာ အပြီးသတ်လုပ်ဆောင်နိုင်ဖို့ ချဲလ်ဆီးဘက်က မျှော်လင့်နေပါတယ်။
စတာလင်ဟာ မန်စီးတီးမှာ တစ်ပတ်လုပ်ခပေါင် ၃ သိန်းရရှိနေပြီး တစ်နှစ်စာချုပ်သက်တမ်းသာ ကျန်ရှိတော့တာပါ။
မန်စီးတီးအသင်းက ဂါဘရီယယ်ဂျေးဆူကိုလည်း အာဆင်နယ်ကိုရောင်းချဖို့ သဘောတူညီထားပေမယ့် စာချုပ်တစ်နှစ်သာကျန်တော့တဲ့ စတာလင်ကိုလည်း ရောင်းချဖို့ စဉ်စားနေပါတယ်။
ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှူး လူကာကူကို အင်တာမီလန်အသင်းဆီပြန်လည်အငှားချမှာဖြစ်လို့ စတာလင်ကို အစားထိုးခေါ်ယူလိုနေတာပါ။
အသက် ၂၇ နှစ်ရှိ အင်္ဂလန်လက်ရွေးစင် စတာလင်အတွက် ပြောင်းရွှေ့ကြေးပေါင် ၅၅ သန်းလောက် ပေးချေရနိုင်တယ်လို့ သိရပါတယ်။