close

ပရိသတ်တောင်းဆိုမှုကြောင့် ကာတာနှင့် ခြေစမ်းပွဲကို ဝက်ဖို့ဒ်အသင်း ဖျက်သိမ်း

အင်္ဂလန်ကလပ် ဝက်ဖို့ဒ်အသင်းဟာ ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် ကာတာနိုင်ငံ လက်ရွေးစင်အသင်းနဲ့ ခြေစမ်းပွဲ ကစားဖို့စီစဉ်ထားပေမယ့် ပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့် ဖျက်သိမ်းလိုက်ပါတယ်။

ဝက်ဖို့ဒ်အသင်းဟာ လာမယ့်ဇူလိုင်လအတွင်းမှာ သြစတြီးယားနိုင်ငံမှာ ရာသီကြိုခြေစမ်းပွဲတချို့ကစားရင်း ကာတာအသင်းနဲ့ ခြေစမ်းဖို့စီစဉ်ခဲ့တာပါ။

ကာတာနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ဝက်ဖို့ဒ်အသင်းပရိသတ်အဖွဲ့တဖွဲ့ဖြစ်တဲ့ Proud Hornet and Women of Watford အဖွဲ့က ခြေစမ်းပွဲစဉ်ကို ဖျက်သိမ်းဖို့ တောင်းဆိုခဲ့တာပါ။

ကာတာနိုင်ငံဟာ လူ့အခွင့်အရေး၊ လိင်တူချစ်ခင်မှုနဲ့ အမျိုးသမီးအခွင့်အရေးတွေကို ဖောက်ဖျက်ကျူးလွန်နေတယ်လို့ ဝက်ဖို့ဒ်ပရိသတ်အဖွဲ့က ထောက်ပြခဲ့ပြီး ကာတာနဲ့ ခြေစမ်းပွဲ စီစဉ်တဲ့အပေါ် အလွန်စိတ်ပျက်မိကြောင်း ထုတ်ပြန်ကြေညာခဲ့တာပါ။ 

အဲဒီနောက်မှာတော့ ဝက်ဖို့ဒ်အသင်းက ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပြီး ခြေစွမ်းပွဲကစားမယ့် အစီအစဉ်ဟာ နောက်ဆုံးအဆင့်အထိ မရောက်သေးကြောင်းနဲ့ အဲဒီလိုစီစဉ်မှုကို ပြန်လည်ရုပ်သိမ်းကြောင်း သတင်းထုတ်ပြန်ပေးခဲ့ပါတယ်။

ပရိသတ်တွေရဲ့အသံတွေကို နားထောင်ပေးတဲ့ အသင်းအတွက် လေးစားဂုဏ်ယူကြောင်း ပရိသတ်တွေက ပြန်လည် သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဝက်ဖို့ဒ်အသင်းဟာ မနှစ်ကပရီးမီးယားလိဂ်မှာကစားခဲ့ပြီး တန်းဆင်းခဲ့ရတာကြောင့် ချန်ပီယံရှစ်ကို ဆင်းပြီး ကစားသွားရမှာဖြစ်ပါတယ်။

//
Up