close

အမေရိကန်တွင် လိင်ပိုင်းရာဇဝတ်မှုကျူးလွန်ရန် ကူညီခဲ့သူအား ‌ထောင်ဒဏ် နှစ် ၂၀ ချ

ဆယ်ကျော်သက် မိန်းကလေးတွေကို ကာမအလွဲသုံးစားပြုရင်း လိင်ပိုင်းရာဇဝတ်မှုတွေ ကျူးလွန်တဲ့ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးငွေရှင် ဂျက်ဖရီ အက်ပ်စတိန်းကို ကူညီမှုနဲ့ ဂလိန်း မက်စ်ဝဲလ်ဟာ ဇွန် ၂၈ ရက်မှာ ထောင်ဒဏ် နှစ် ၂၀ စီရင်ခံရပါတယ်။

အသက် ၆၀ အရွယ် ဗြိတိန်လူမှုရေးသမားဟာ ၁၉၉၄ ကနေ ၂၀၀၄ ခုနှစ်ကြားမှာ အဲ့ဒီအချိန်က သူ့ရည်းစားဖြစ်တဲ့ အက်ပ်စတိန်းက ကာမဆက်ဆံဖို့ မိန်းကလေး လေးယောက်ကို ပြုစုပျိုးထောင်မှု၊ ကလေးတွေကို လိင်ကုန်ကူးမှု၊ လူစုမှုတွေ အပါအဝင် စွဲချက်ငါးခုနဲ့ ဒီဇင်ဘာလက တရားစွဲခံခဲ့ရပါတယ်။

မက်စ်ဝဲလ်က အက်ပ်စတိန်းရဲ့ ဓားစာခံတွေကြုံရတဲ့ နာကျင်မှုတွေအတွက် ဝမ်းနည်းမိတယ်လို့ ပြောပါတယ်။

အက်ပ်စတိန်းဟာ သူ့ဝန်းကျင်က လူတိုင်းကို လှည့်စားပြီး ‘ခြယ်လှယ်တတ်သူ၊ ကောက်ကျစ်ပြီး ထိန်းချုပ်နိုင်တဲ့လူ’ လို့ မက်စ်ဝဲလ်က သူ့ကို စီရင်ချက်မချခင် မက်ဟန်တန် ပြည်ထောင်စုတရားရုံးမှာ အမှုကြားနာချိန်က ပြောခဲ့ပါတယ်။ အက်ပ်စတိန်းနဲ့ဆုံရတာ ဘဝမှာ အကြီးဆုံးနောင်တပဲလို့လည်း မက်စ်ဝဲလ်က ပြောပါတယ်။

စီရင်ချက်ချချိန်မှာ အမေရိကန်တရားသူကြီး အလစ်ဆင် နာသန်က မက်စ်ဝဲလ်ဟာ နောင်တရပုံရော တာဝန်ကို လက်ခံချင်ပုံပါ မပေါ်ဘူးလို့ ပြောပါတယ်။

မက်စ်ဝဲလ်ဟာ အသက် ၁၄ နှစ်ထိငယ်တဲ့ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေကို ဖြားယောင်းသွေးဆောင်ဖို့၊ သယ်ယူပို့ဆောင်ဖို့နဲ့ ကုန်ကူးဖို့ ဆိုးရွားယုတ်မာတဲ့ စီစဉ် အကွက်ချတဲ့ နေရာမှာ နှစ်ပေါင်းများစွာ ထပ်ခါတလဲလဲ တိုက်ရိုက် ပါဝင်ပတ်သက်ခဲ့တယ်လို့ နာသန်က ပြောပါတယ်။

တရားခွင်မှာ စစ်ဆေးခံရတဲ့ အမျိုးသမီး ၃ ယောက်က ထွက်ဆိုရာမှာ အက်ပ်စတိန်းက သူတို့ကို ကာမအလွဲသုံးစားပြုရာမှာ မက်ဝဲလ်ဟာ ဗဟိုအခန်းကဏ္ဍမှာ ပါတယ်လို့ ပြောပါတယ်။

ဇွန် ၂၈ ရက် ကြားနာပွဲအတွင်း ခုချိန်မှာ စိတ်ပညာရှင်ဖြစ်နေပြီဖြစ်တဲ့ အန်နီ ဖားမားက မက်စ်ဝဲလ် အလွဲသုံးစားလုပ်ခံရတဲ့ သူ့အတွေ့အကြုံဟာ သိသိသာသာ အရှက်ရစေပြီး တခါတရံမှာ ပျောက်ကွယ်သွားချင်တဲ့ ခံစားချက် ရခဲ့တယ်၊ ခုတော့ မက်စ်ဝဲလ်ကို တာဝန်ယူခိုင်းနိုင်ပြီဖြစ်လို့ ဂုဏ်ယူမိတယ်လို့ ပြောပါတယ်။

မက်ဝဲလ်ရဲ့ ရှေ့နေတွေက မက်စ်ဝဲလ်ကို ထောင်ဒဏ် ၅ နှစ် ၃ လထက် ကျော်ပြီး မစီရင်သင့်ဘူးလို့ ပြောခဲ့ပါတယ်။ မက်စ်ဝဲလ်ဟာ အက်ပ်စတိန်းရဲ့ ရာဇဝတ်မှုတွေအတွက် ထိုးကျွေးစရာ ဓားစာခံသာဖြစ်ပြီး ထောင်ထဲမှာ မှတ်လောက်အောင် နေပြီးပြီလို့လည်း ရှေ့နေတွေက ငြင်းခုံ ပြောဆိုပါတယ်။

အစိုးရရှေ့နေတွေကတော့ မက်စ်ဝဲလ်ကို ထောင်ဒဏ် နှစ် ၃၀ ကနေ ၅၅ နှစ်ကြား စီရင်သင့်တယ်လို့ အဆိုပြုခဲ့ကြပါတယ်။

ဒီအမှုဟာ ချမ်းသာပြီး ဩဇာကြီးတဲ့လူတွေရဲ့ လက်ထဲမှာ ကာမအလွဲသုံးစားလုပ်မှုနဲ့ ပတ်သက်လို့ ထုတ်ပြောဖို့ အမျိုးသမီးတွေကို အားပေးတဲ့ မီတူးလှုပ်ရှားမှုအတွင်း အထင်ရှားဆုံး အမှုတွေထဲက တမှုလည်း ဖြစ်ပါတယ်။

//
Up