ထိုင်းတွင် မိုးသက်လေပြင်းကျမည်ဟု မိုးဇလထုတ်ပြန်

ထိုင်းနိုင်ငံမှာ ဇွန် ၃၀ ရက်မှ ဇူလိုင် ၂ ရက်အတွင်း မိုးသက်လေပြင်း ကျရောက်နိုင်တယ်လို့ ထိုင်းအမျိုးသားမိုးလေဝသနဲ့ ဇလဗေဒက ထုတ်ပြန်ထားပါတယ်။
ဒီကနေ့ ဇွန်လ ၂၉ ရက် မနက် ၅ နာရီ ထုတ်ပြန်ချက်အရ တောင်တရုတ်ပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်း ဖြစ်နိုင်ကြောင်း၊ အဆိုပါမုန်တိုင်းမှာ တောင်တရုတ်ပင်လယ်ကနေ ဘင်္ဂလားပင်လယ်အော်သို့ ၁ နာရီလျှင် ၅၅ ကီလိုမီတာနှုန်းနဲ့ ဖြတ်သန်းလာဖွယ်ရှိပြီး မုန်တိုင်းဂယက်ကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနဲ့ အနောက်တောင်ပိုင်းမှာ မိုးသက်လေပြင်း ကျလာနိုင်တယ်လို့ ဆိုပါတယ်။
ဇွန်လ ၃၀ ရက်နေ့အတွင်း မြောက်ပိုင်းဒေသ ချင်းရိုင်း၊ ဖယောဝ်း၊ နန့်ခရိုင်၊ အရှေ့မြောက်ပိုင်း နောင်ခိုင်၊ ဘင်ကန်၊ ဥဒွန်းဌာနီ၊ ဆကွန်းနခွန်း၊ နခွန်းဖနုန်၊ မုတ်ဒါဟန်၊ အရှေ့ပိုင်းဒေသ လယောင်း၊ ကျန်ထပူရီ၊ တလတ်နဲ့ တောင်ပိုင်း ရနောင်း၊ ဖန်ငါး၊ ဖူးကက် စတဲ့ခရိုင်တွေမှာ မိုးရွာသွန်းနိုင်တယ်လို့ ဆိုပါတယ်။
ဇူလိုင် ၁ ရက်မှ ၂ ရက်အတွင်း ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင်း၊ ဖယောဝ်း၊ နန့်၊ ဖရဲ့၊ လမ်းပန်း၊ ဥဒရာဒစ်၊ တာ့ခ်၊ ဗိစနုလုတ်နဲ့ ဖစ်ချဘွန်းခရိုင်တွေ၊ အရှေ့မြောက်ပိုင်း လွေး၊ နောင်ခိုင်၊ ဘင်ကန်၊ ဥဒွန်းဌာနီ၊ နောင်ဘိုလမ်းဖူး၊ စကွန်းနခွန်း၊ နခွန်းဖနုန်၊ ခွန်ကဲန်၊ မဟာဆာရာခမ်း၊ မုဒ်ဒါဟန်၊ လွဲ့အစ်၊ ယဆိုထွဏ်း၊ အမ်နတ်ကျလွန်းနဲ့ ဥဘွန်းရာ့ချဌာနီခရိုင်တွေ၊ ထိုင်းအလယ်ပိုင်း ကန်ကျနပူရီ၊ ရာ့ချ်ပူရီခရိုင်၊ အရှေ့ပိုင်း ချွန်းပူးရီး၊ လယောင်း၊ ကျန်ထပူရီနဲ့ တလတ်ခရိုင်တွေနဲ့ တောင်ပိုင်း ရနောင်း၊ ဖန်ငါး၊ ဖူးကက်နဲ့ ကရပိခရိုင်တွေမှာ မိုးကြီးနိုင်မယ်လို့ ဆိုပါတယ်။
ဘင်္ဂလားပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁ မီတာမှ ၂ မီတာထိ တက်လာနိုင်ကြောင်း၊ ဒါကြောင့် မိုးသည်းထန်တဲ့ဒေသက ရေလုပ်သားတွေ ပင်လယ်ထဲ ငါးဖမ်းထွက်တာ ရှောင်ကြည်ဖို့ မိုးဇလက သတိပေးထားပါတယ်။
ပြည်သူတွေအနေနဲ့ မိုးလေဝသသတင်း အဆက်မပြတ်နားစွင့်ပြီး အရေးပေါ်အခြေအနေ ကြုံပါက ဖုန်းနံပါတ် ၀၂ ၃၉၉၄၀၁၂ - ၁၃ သို့မဟုတ် ၁၁၈၂ သို့ ၂၄ နာရီ ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။