ဟောင်ကောင်ဒီမိုကရေစီအခွင့်အရေး ကတိတည်ရန် တရုတ်ကို ဗြိတိန် တိုက်တွန်း

တရုတ်နိုင်ငံဘက်က ဟောင်ကောင်ရဲ့ ဒီမိုကရေစီအခွင့်အရေး အာမခံဖို့ ပေးထားတဲ့ ကတိအတိုင်း တည်ဖို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဇွန် ၃၀ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
လွန်ခဲ့တဲ့ ၂၅ နှစ်က ဗြိတိန်က ဟောင်ကောင်ကျွန်းကို တရုတ်လက်ထဲ ပြန်လွှဲပြောင်းပေးခဲ့စဉ်က သဘောတူထားကြတာကို ရည်ညွှန်းပြီး ဘောရစ်ဂျွန်ဆင်က ပြောလိုက်တာပါ။
ဗြိတိန်ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်လိုက်တဲ့ ဗီဒီယိုမိန့်ခွန်းမှာ ဂျွန်ဆင်က တရုတ်ဟာ ၁၉၉၇ ခုနှစ်က ဗြိတိန်နဲ့ သဘောတူထားတဲ့ တနိုင်ငံ စနစ်နှစ်မျိုး ကတိကဝတ်ကို လိုက်နာဖို့ ပျက်ကွက်နေတယ်လို့ ပြောပါတယ်။
အထူးသဖြင့် ၂၀၂၀ ခုနှစ်မှာ ထုတ်ပြန်ထားတဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပဒေနဲ့ ရွေးကောက်ပွဲစနစ် အပြောင်းအလဲဟာ ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်ကို ထိခိုက်တယ်လို့ ဗြိတိသျှအစိုးရက ယူဆနေပါတယ်။
“ဟောင်ကောင်ကို ပြန်လွှဲအပ်ခြင်း ၂၅ နှစ်ပြည့်တဲ့အချိန်မှာ တရုတ်ဟာ ပေးထားတဲ့ ကတိကဝတ်တွေ မတည်တာကို မြင်နေရတယ်။ ဟောင်ကောင်ရဲ့ အခွင့်အရေး၊ ဟောင်ကောင်ရဲ့ လွတ်လပ်ခွင့်နဲ့ ဟောင်ကောင်ပြည်သူတွေရဲ့ ဆက်လက် ဖွံ့ဖြိုးတိုးတက်ရေးကို ခြိမ်းခြောက်နေတဲ့ အခြေအနေတွေကို တွေ့နေရပါတယ်” လို့ ဝန်ကြီးချုပ် ဂျွန်ဆင်က ပြောလိုက်တာပါ။
ဟောင်ကောင်နဲ့ တရုတ်ပြည်မကြီးတို့ ပြန်လည်ပေါင်းစည်းခြင်း ၂၅ နှစ်ပြည့်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဟောင်ကောင်ကို ရောက်နေပါတယ်။
ဒါဟာ ၂ နှစ်အတွင်းမှာ ရှီကျင့်ဖျင်ရဲ့ တရုတ်ပြည်မကြီးပြင်ပ ပထမဆုံးခရီးစဉ်လို့ ပြောလို့ရပါတယ်။
တရုတ်အစိုးရဟာ ဟောင်ကောင်အရေးနဲ့ပတ်သက်လို့ ဗြိတိန်က ဝေဖန်လာရင် ဟောင်ကောင်အရေးမှာ ဝင်မစွက်ဖို့၊ နယ်ချဲ့သမား အတွေးအခေါ်ကို ဖျောက်ဖို့ တုံ့ပြန်ပြောဆိုလေ့ ရှိပါတယ်။