close

ရေစကြိုနှင့် ဂန့်ဂေါတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွား

မကွေးတိုင်း ရေစကြိုမြို့နယ် ဗျည်းဘကျေးရွာကို မီးရှို့ပြီး ပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဇူလိုင် ၂ ရက်မနက်ပိုင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ ဘက်က ၅ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

ရေစကြိုမြို့နယ် ဗျည်းဘ (အရှေ့) ရွာကို မီးရှို့ပြီးထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒီကနေ့ မနက် ၁၀ နာရီလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဗျည်းဘ (အနောက်) ရွာ ဘုန်းကြီးကျောင်းနား အရောက်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့ကြတာလို့ ရေစကြို ပ.က.ဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ပြောပါတယ်။

“ဒီကောင်တွေက ဗျည်းဘ(အရှေ့)ရွာကို မီးရှို့ဖျက်ဆီးနေတယ်လို့ ကြိုတင်သတင်းရလို့ ကျနော်တို့ ဘက်က လက်ဦးမှုရယူပြီး စောင့်ကြိုတိုက်ခိုက်ခဲ့ကြတာဗျ။ ထိတွေ့တိုက်ပွဲ နာရီဝတ်လောက် ဖြစ်ပွားပြီး စစ်(...)ဘက်က ၅ ယောက်လောက်ပွဲချင်းပြီးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်။”

စစ်ကောင်စီတပ်ဟာ ဒဏ်ရာရသူတွေကို ဗျည်းဘအနောက်ရွာဘုန်းကြီးကျောင်းထဲမှာ တပ်စွဲထားကာ ဆေးကုပေးနေပြီး စစ်ကူ ကား ၁ စီးလိုက်လာတာကြောင့် စုစုပေါင်းအင်အား ၁၅၀ လောက်ရှိတယ်လို့ ရဲဘော်ဝေကြီးက ပြောပါတယ်။

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားတာကြောင့် ဗျည်းဘ(အရှေ့)ရွာမှာ ပြည်သူတွေရဲ့ နေအိမ်အများအပြား မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးတဲ့ အိမ်အရေအတွက်ကိုတော့ စစ်ကောင်စီစစ်ကြောင်းရှိနေသေးတာကြောင့် အတိအကျ အတည်မပြုနိုင်သေးသလို မီးငြှိမ်းသတ်တာတွေလည်း မလုပ်ဆောင်နိုင်သေးဘူးလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ရဲဘော်တယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရဘူးလို့ ရဲဘော်ဝေကြီးက ပြောပါတယ်။

အဲဒီတိုက်ပွဲကို ရေစကြို ပ.က.ဖ၊ မြိုင် ပ.က.ဖ၊ ဆားလင်းကြီး (SSTF) တို့ မြို့နယ် ၃ ခုက ညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တခုဖြစ်တဲ့ ငဘပြောက်ကျားတပ်ဖွဲ့တို ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

ဂန့်ဂေါမြို့နယ်မှာလည်း အင်အား ၆၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို  ဇူလိုင် ၁ ရက် မနက် ၈ နာရီကျော်လောက်မှာ PDF-ဂန့်ဂေါနဲ့ CDF-KKG တပ်ရင်း ၆ တို့ ဆီးကြိုတိုက်ခိုက်ခဲ့ပြီး နာရီဝက်လောက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ PDF-ဂန့်ဂေါ တောင်ပိုင်းတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 

“အဲဒီတိုက်ပွဲမှာ စစ်(...) ၂ကောင် လဲကျသွားတယ်လို့ ကျနော်တို့ရဲ့ ရဲဘော်တွေက ပြောပေမဲ့ စစ်(...)တွေဘက်က ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့  အတိအကျမသိရသေးလို့ ဆက်လက်စုံစမ်းနေတယ်။ စစ်(...)တွေနဲ့ လက်နက်အင်အားချင်း မမျှတာကြောင့် ကျနော်တို့ဘက်က ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာခဲ့ကြတယ်။”

စစ်ကောင်စီစစ်ကြောင်းဟာ အောင်မြင်ရွာဘုန်းကြီးကျောင်းနဲ့ ဂန့်ဂေါ-အိုက္ကား လမ်းပေါ်ကို ရောက်ရှိနေတယ်လို့ သိရပြီး အဲဒီနေရာတွေမှာ ထိတွေ့တိုက်ပွဲ အချိန်မရွေး ဖြစ်ပွားနိုင်ပြီး ပြည်သူတွေအနေနဲ့ ဂန့်ဂေါ-မင်းရွာလမ်းပိုင်းနဲ့ ဂန့်ဂေါ-အိုက္ကားလမ်းပိုင်းတွေကို ဖြတ်သန်းသွားလာတာတွေ လုံးဝမပြုလုပ်ကြဖို့ သတိပေးထားပါတယ်။

ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းရဲစခန်းကိုလည်း ဇွန် ၂၉ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဂန့်ဂေါခရိုင် တပ်ရင်း ၁၊ တပ်ခွဲ ၂ နဲ့ ဂန့်ဂေါမြို့နယ် ပ.က.ဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ များပြားနိုင်ပြီး PDF ဘက်က ရဲဘော်တယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ရေစကြိုနဲ့ ဂန့်ဂေါမြို့နယ် နှစ်ဖက်တိုက်ပွဲအတွင်းမှာ ထိခိုက်ကျဆုံးအခြေအနေကို စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

//
Up