အဲ့လ်ပ်စ်တောင်တန်းပေါ်တွင် ရေခဲမြစ်အရည်ပျော်သဖြင့် အနည်းဆုံး ၇ ဦးသေဆုံး၊ ၅ ဦး ပျောက်ဆုံး

အီတလီနိုင်ငံ အဲ့လ်ပ်စ်တောင်တန်းပေါ်မှာ ဇူလိုင် ၃ ရက်က အပူချိန်မြင့်မားပြီး လူအသေအပျောက်ဖြစ်ခဲ့တဲ့ ရေခဲမြစ်အရည်ပျော်အပြီး ၄၈ နာရီကြာတဲ့အထိ အီတလီ တောင်တက်သမား ၅ ယောက် ပျောက်ဆုံးနေပါတယ်။
ထရန်တိုဒေသရဲ့ အုပ်ချုပ်ရေးအရာရှိဖြစ်သူ မာအူရီဇီယို ဖူဂါတီက သေဆုံးသူ အနည်းဆုံး ၇ ယောက် ရှိခဲ့တယ်လို့ ဇူလိုင် ၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အီတလီနိုင်ငံ အရှေ့ပိုင်းက ဒိုလိုမိုက်တောင်တန်းရဲ့ အမြင့်ဆုံးအပိုင်းဖြစ်တဲ့ ပေ ၁၀,၈၃၀ မြင့်တဲ့ မာမိုလာဒါတောင် တောင်တန်းအပိုင်းမှာ ရေခဲမြစ် အရည်ပျော်ကျမှု ဖြစ်ခဲ့တာပါ။ ထရန်တိုနဲ့ ဗီနက်တိုဒေသကြားထဲက တောင်တန်းဒေသ ဖြစ်ပါတယ်။
ဇူလိုင် ၃ ရက်ကတည်းက ရဟတ်ယာဉ်တွေသုံးပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လုပ်နေဆဲဖြစ်ပြီး သေဆုံးစာရင်း တိုးလာဖွယ်လည်း ရှိပါတယ်။
အီတလီမှာ ဒီနှစ် နွေအဝင်ဟာ အရင်နှစ်တွေနဲ့မတူ ပူပြင်းတဲ့ရာသီဥတုနဲ့ ကြုံနေရပြီး အရင်က တည်တည်ငြိမ်ငြိမ်ရှိခဲ့တဲ့ ရေခဲမြစ်တွေက ဘယ်လိုဖြစ်မလဲဆိုတာကို ခန့်မှန်းရ ခက်ခဲနေပါတယ်။
ရေခဲမြစ်ရဲ့ အမြင့်ဆုံးအပိုင်းမှာ မတည်ငြိမ်သေးဘဲ ကယ်ဆယ်ရေးသမားတွေဟာ ဒရုန်းတွေ၊ ရဟတ်ယာဉ်တွေကို အသုံးပြုပြီး ပျောက်ဆုံးသူတွေ၊ သေဆုံးသူတွေကို ဆက်လက် ရှာဖွေနေရပါတယ်။
ဇူလိုင် ၄ ရက်နေ့တုန်းကတော့ လူသေအလောင်း၊ ဒါမှမဟုတ် တောင်တက်ကိရိယာတွေကို သုံးလေးနေရာလောက်မှာ တွေ့ရှိခဲ့ရပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာ ဖုံတွေနဲ့ အမှိုက်အစတွေကြောင့် ရှာဖွေရေးမှာ အကန့်အသတ် ရှိနေတယ်လို့ အဖွဲ့တွေက ပြောပါတယ်။
ဇူလိုင် ၇ ရက်နေ့မှာတော့ ရာသီဥတုက ပိုပြီး ကြည်ကြည်လင်လင် ဖြစ်လာမယ်လို့ ခန့်မှန်းထားပြီး အဲဒီအခါကျမှပဲ နိမ့်တဲ့အပိုင်းတွေဆီကို ကယ်ဆယ်ရေးအဖွဲ့တွေ ဆင်းနိုင်မယ်လို့ ဆိုပါတယ်။