close

ဒွန်းနက်စ်ခ်တွင် အမြောက်ကျည်ထိမှန်သဖြင့် ၁၀ နှစ်ကလေး အပါအဝင် အများအပြား သေဆုံး

ယူကရိန်းနိုင်ငံ၊ ဒွန်းနက်စ်ခ်ဒေသမှာ ဇူလိုင် ၅ ရက်က အမြောက်ကျည်ဆန်ထိမှန်ပြီး ၁၀ နှစ်အရွယ်ကလေး အပါအဝင် လူအများအပြား သေဆုံးသွားတယ်လို့ ဒေသအစိုးရအဖြစ် ကြေညာထားတဲ့ ဒွန်းနက်စ်ခ်ပြည်သူ့သမ္မတနိုင်ငံ (DPR) လက်အောက်ခံတပ်တွေက ပြောပါတယ်။

ဇူလိုင် ၅ ရက်က မြို့ရဲ့ နေရာအတော်များများမှာ ပေါက်ကွဲသံတွေကြားရပြီး ကောင်းကင်မှာလည်း မီးခိုးလုံးတွေ တက်လာတာကို တွေ့ရပါတယ်။

ရုရှားအစိုးရပိုင်မီဒီယာ TASS ကတော့ အဲဒီဒေသမှာ ဒွန်းနက်စ်ခ်နဲ့ လူ့ဟန့်စ်ခ်ဒေသ အစိုးရတွေအဖြစ် ကြေညာထားတဲ့အဖွဲ့တွေကို သစ္စာခံတဲ့တပ်ဖွဲ့ဟာ ယူကရိန်းတပ်တွေနဲ့ ရင်ဆိုင်နေတယ်လို့ ပြောပါတယ်။

ရုရှားဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ အထူးစစ်ဆင်ရေးဆိုပြီး ယူကရိန်းမြေပေါ် ကျူးကျော်တိုက်ခိုက်ခဲ့ပါတယ်။

ယူကရိန်းအရှေ့ပိုင်းမှာရှိတဲ့ လူ့ဟန့်စ်ခ်နဲ့ ဒွန်းနက်စ်ခ်ဒေသတွေကို ရုရှားက ကျောထောက်နောက်ခံပေးထားတဲ့ ခွဲထွက်ရေးအုပ်စုတွေ လွှမ်းမိုးထားပြီး ရုရှားက ယူကရိန်းကို ပထမအကြိမ်ကျူးကျော်တဲ့ ၂၀၁၄ ခုနှစ်ကတည်းက ယူကရိန်းအစိုးရတပ်တွေနဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေ စစ်မက်ဖြစ်ပွားနေတဲ့ ဒေသတွေ ဖြစ်ပါတယ်။

//
Up